ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA က ဒေသခံများကို လူသစ်စုဆောင်းမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
KIA အနေဖြင့် လူသစ်စုဆောင်းမှုများပြုလုပ်ရာတွင် အမျိုးသားများအပြင်၊ အမျိုးသမီးများနှင့် ကျောင်းသူ၊ ကျောင်းသားများကိုပါ စုဆောင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“သတင်းဌာန အများစုက စစ်တပ်ဖမ်းတာကိုပဲ ရေးနေကြတယ်။ ပြည်သူအများစု ကြောက်နေကြတော့ မပြောရဲကြဘူး။ KIA က အချိန်မရွေး နေရာမရွေး အကုန်ဖမ်းတယ်။ ကျတော်တို့ မပြောရဲဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်ဘုံကျောင်းက ၈ တန်းအရွယ် ကလေးငယ်တစ်ယေယာက်ကို ဖမ်းသွားတာ သိန်းသုံးဆယ်ပေးမှ ပြန်လွှတ်ပေးမယ်တဲ့လေ၊ မိသားစုဝင်တွေက သူတို့ အန္တရာယ်ကြောင့် ထုတ်မပြောရဲကြဘူး။ အခု ဖားကန့်မှာ လုပ်ငန်းခွဲထဲ၊ အိမ်ထဲ၊ လမ်းပေါ်မှာက အစ ပြည်သူတွေ လုံခြုံမှု မရှိဘူး ” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ဖားကန့်ဒေသ၌ စစ်ကော်မရှင်က နေ့စဉ်နီးပါး လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေသည့်အပြင် တော်လှန်ရေးအင်အားစုဘက်ကလည်း လူသစ်စုဆောင်းမှုများကို ပိုမိုပြုလုပ်လာသောကြောင့် ဒေသခံများ ပိုမိုဒုက္ခရောက်နေရကြောင်း သိရသည်။
KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ လောင်းကစားရုံ၊ ရေမဆေးကျောက်ရှာဖွေသူများ၊ လမ်းသွားလမ်းလာများအပြင် KPDF မိသားစုဝင်များကိုပါ လူသစ်စုဆောင်းမှုများ ရှိနေကြောင်း သိရသည်။
“ လက်ရှိဖားကန့်မှာက စစ်ကော်မရှင်က လူသစ်စုဆောင်းတာကရှားတယ်။ သူတို့က ဂိတ်တွေက KIAလား၊ PDFလား မသင်္ကာတဲ့ သူတွေကို ဖမ်းဆီးနှိပ်စက်နေတာ၊ ပြီးတော့ ဒေသခံတွေကို ပေါ်တာဆွဲပြီး လူသားတံတိုင်းအဖြစ်လုပ်တာ၊ သတ်ဖြတ်တာတွေလုပ်တယ်။လူသစ်စုဆောင်းတာကတော့ KIA က လုပ်တယ်။ KIA က စစ်သင်တန်းတစ်ခါပေးရင် လူအယောက်တစ်ရာကျော်ကို ဆွဲတယ်” ဟု နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ KIA က လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးနေသည့် ကာလတွင်သာ ဒေသခံများ ဖမ်းဆီးခံရမှုမရျိတော့ဘဲ နောက်ထပ် သင်တန်းပေးပါက ဒေသခံများကို ထပ်မံ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်
“အခုက တပ်မဟာ ၉ က ထပ်ကောက်နေတယ်။ တပ်မဟာ ၉ မှာ တပ်ရင်း ၆ ၊တပ်ရင်း ၄၄၊ တပ်ရင်း ၂၆၊ တပ်ရင်း ၃၁၊ တပ်ရင်း ၄ ခုရှိတယ်။ သင်တန်းတစ်ခါပေးရင် လူ သုံးရာကနေ ငါးရာသင်တန်းပေးတယ်။ ပြီးရင် တပ်ရင်းတွေအတွက် ပြန်ခွဲတယ်။ အဲ့ဒီတော့ နေ့ခင်းကော၊ ညကော အကုန်ဆွဲတယ်။ စုဆောင်းရေးအဖွဲ့နဲ့ တိုးတဲ့ဘယ်သူမဆို အကုန်ဆွဲခံနေရတယ်”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်ကလည်း ဝှေခါကျေးရွာစာသင်ကျောင်းမှ ပြန်လာသည့် ကျောင်းသူ၊ ကျောင်းသားများ KIA လူသစ်စုဆောင်းမှုကို ခံခဲ့ရပြီး ယင်းစာသင်ကျောင်းများသည် NUG ကဖွင့်လှစ်ထားသည့် စာသင်ကျောင်းနှင့် KIA က ဖွင့်လှစ်ထားသည့် စာသင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ်ရှိ ဒေသခံမျးသည် စစ်ကော်မရှင်၏ ဖိနှိပ်မှုကို ခံနေရသည့်အပြင် KIA ၏ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကိုပါ ခံနေရသောကြောင့် အများစုသည် မြစ်ကြီးနား၊ မိုးကောင်းနှင့် မိုးညှင်းမြို့များသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပိုမိုများပြားလာသည်။
ဖားကန့်မြို့နယ်အခြေအနေနှင့် ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြိးနော်ဘူကို ဆက်သွယ်ထားသော်လည်း ဆက်သွယ်၍ မရသေးပေ။
