တနင်္သာရီမြို့နယ်တွင် ‌‌နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေ

ဓာတ်ပုံ - တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပုံစာ - တနင်္သာရီမြို့နယ် ပကဖ ရဲဘော်များ(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ အမှတ်၈ ပြည်ထောင်စုလမ်းမကြီးတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၏ မြိတ်-တနင်္သာရီလမ်းပိုင်း နေရာအနှံ့‌ နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီး ယနေ့(စက်တင်ဘာ ၂၅ ရက်) နံနက် ၆ နာရီ‌ဝန်းကျင်တွင်လည်း ကမ္မလိုင်း-ရေဖြူလမ်းပိုင်း တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

“ကမ္မလိုင်း-ရေဖြူကြားမှာ။ ၆ နာရီထိုးပြီးလောက် တိုက်ပွဲဖြစ်တာ။စစ်တပ်ဘက်ကပဲ အထိအခိုက်များတယ်။လမ်းမကြီး(အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး)နေရာအနှံ့လည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲက ဖြစ်နေတယ်”ဟု တနင်္သာရီမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ထို့အပြင် တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှ သိန်ခွန်းရွာအနီးတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ စက်တင်ဘာ ၇ ရက်မှစတင်၍ ယနေ့(စက်တင်ဘာ ၂၅ရက်)ထိ နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွား‌နေပြီး စစ်တပ်က လေကြောင်းမှ ဗုံးများကြဲချကြောင်း သိရသည်။

“မောတောင်ထိုးနေတဲ့ စစ်ကြောင်းနဲ့တော့ နေ့တိုင်း လိုလို တိုက်ပွဲဖြစ်တယ်ဗျ။သိန်ခွန်းမှာ ခံစစ်လုပ်ထားတာ မောတောင် မရောက်သေးဘူးဗျ။လေယာဉ်လည်း မကြာမကြာ လာကြဲ တယ်။ပြည်သူတော့ မထိဘူး ။ရဲဘော်လည်း တချို့တစ်ဝက် ထိခိုက်ထားတယ် ။
ခုအပတ်ထဲမှာ လေယာဉ်ကြဲတာတော့ ရဲဘော်ထိခိုက်မရှိဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲများနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တနင်္သာရီမြို့နယ်၊ သိန်ခွန်း ၊ ကော့ယွန်း ၊ ချောင်းနှစ်ပေါက် ၊ သဲဖြူ ၊ ညောင်ပင်ကွင်း ၊ ထုံခါ ၊ ထုံမခါ ၊ ‌ထုံကော် ၊ ငါးမိုင် ၊ ခြောက်မိုင် ၊ ကွင်းသစ်နှင့် ဗောဓိကမ်းရွာတို့မှ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။

စစ်ရေးအခြေအနေများကြောင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှ မြိတ်-တနင်္သာရီလမ်းပိုင်းကို ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း အသုံးမပြုကြရန်လည်း တနင်္သာရီမြို့နယ် ပကဖက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသေးသည်။