မွန်ပြည်နယ်အတွင်း တရားမဝင်ရွေးကောက်ပွဲဝင်ကြမည့် အမတ်လောင်းများကို ပါတီများက လျှို့ဝှက်ထားကြကြောင်း သိရသည်။
တစ်သီးပုဂ္ဂလများ အပါအဝင် နိုင်ငံရေးပါတီ၅၇ပါတီတို့က စုစုပေါင်း အမတ်လောင်း ၄၉၆၃ဦး တရားမဝင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားကြောင်း စစ်ကော် မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ၂၃ရက်၌ ထုတ်ပြန်ခဲ့ပြီးဖြစ်သော် လည်း မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်မည့် ပါတီများက အမတ်လောင်းအမည်များအား အထူး လျှို့ဝှက်ထားဆဲဖြစ်သည်။
“လုံခြုံရေးအရ ကြောက်လို့ လူသိမခံချင်လို့ ထုတ်မပြောတာလို့ နားလည်ပါတယ်။အခုဆိုရင် သထုံမှာ ကိုယ်စားလှယ်လောင်းတွေ ကျမ်းကျိန်တာကို လူသိမခံချင်လို့ တရားရုံးကို တနင်္ဂနွေနေ့ ဖွင့်ပြီး ကျမ်းကျိန်နေကြတယ်လို့ ကြားရတယ်”ဟု မွန်ပြည်နယ်ပကဖ၊ဒုတာဝန်ခံ စောထူးအောင် က MPAသို့ ပြောသည်။
တရားမဝင်ရွေးကောက်ပွဲအပိုင်း၁ ပြုလုပ်မည်ဆိုသော ကျိုက်ထို၊ကျိုက်မရော၊ ချောင်းဆုံ၊မော်လ မြိုင်နှင့် သထုံမြို့နယ်တို့ရှိ ပါတီတိုင်းက ၎င်းတို့၏ အမတ်လောင်းစာရင်းကို ပါတီဝင်အဆင့်ပင် မသိ အောင် လျှို့ဝှက်ထားကြောင်း မော်လမြိုင်မြို့ခံ ပါတီများနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။
“အခုဆို ချောင်းဆုံ ပြည်နယ်လွှတ်တော်ကနေ အောင်ကြည်သိန်း(လက်ရှိမွန်ဝန်ကြီးချုပ်) ဝင်ပြိုင် မယ်ဆိုပြီး သတင်းထွက်နေတယ်။မှန်မယ်လို့လည်း ထင်တယ်။ဒါပေမဲ့၊ကြံ့ဖွတ်က တရားဝင်မထုတ် သေးတော့ ဘာမှအပြတ်မပြောနိုင်ဘူး”ဟု ၎င်းက ဆိုသည်။
အမည်စာရင်းတင်ထားသည့် အမတ်လောင်းစာရင်းကို မွန်ဒေသအခြေစိုက် ပါတီတိုင်းက လျှို့ဝှက် ထားခြင်းမှာ ရွေးကောက်ပွဲကော်မရှင်က တစ်စုံတစ်ရာ ညွှန်ကြားထားခြင်းကြောင့်များလားဟု သံသ ယရှိကြောင်းလည်း ၎င်းကပြောသည်။
“ကျနော်တို့ မော်လမြိုင်က မဘသပါတီလေးတောင်(အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ) လျှို့ဝှက်ထားတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
အမတ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီးလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် တရားမဝင်ရွေးကောက်ပွဲ အပိုင်းတစ် အဖြစ် လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း မဲဆန္ဒနယ် ၇၁၂ နယ်၌ ပြုလုပ်သွားမည်ဟု သိရသည်။
