By MPA
မြောက်ကိုရီးယားနှင့် စစ်ကော်မရှင်ကြား ပဲ့ထိန်းဒုံးကျည်အပြင် လက်နက်များရောင်းဝယ်မှု ပြုလုပ်ပေးနေသည့် Royal Shune Lei ကုမ္ပဏီနှင့်အတူ မြန်မာနိုင်ငံသား သုံးဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
မြောက်ကိုရီးယား၏ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်များ (WMD) နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များအတွက် တရားမဝင်ဝင်ငွေများ ရှာဖွေပေးရာတွင် ပါဝင်သည့်အတွက်ကြောင့် ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။
“မြောက်ကိုရီးယားရဲ့ တရားမဝင်လက်နက်အစီအစဉ်တွေက အမေရိကန်နဲ့ မဟာမိတ်တွေအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ၎င်းတို့ကို ပေးထောက်ပံ့နေတဲ့ ဘဏ္ဍာရေးကွန်ရက်တွေကို ဆက်လက်ဖျက်သိမ်းသွားပါမယ်။ ” ဟု အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန၏ လက်အောက်အတွင်းဝန် John K. Hurley က ပြောသည်။
မြောက်ကိုရီးယားနှင့် မြန်မာစစ်အာဏာရှင်အဖွဲ့ကြားလက်နက်ရောင်းဝယ်မှုများပြုလုပ်နေသည့် Royal Shune Lei ကုမ္ပဏီနှင့် အတူ CEO တင်မျိုးအောင်၊ ဒါရိုက်တာတစ်ဦးဖြစ်သည့်အောင်ကိုကိုဦး နှင့် ဝန်ထမ်းတစ်ဦးဖြစ်သည့် ကျော်သူမျိုးမြင့်တို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
Royal Shune Lei ကုမ္ပဏီသည် ကိုရီးယားသတ္တုတွင်း ဖွံ့ဖြိုးတိုးတက်ရေး ကုန်သွယ်မှုကော်ပိုရေးရှင်း (KOMID) ချိတ်ဆက်ကာ မြန်မာအာဏာသိမ်းစစ်တပ်အတွက်ကြားခံလက်နက်ဝယ်ယူရေးကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင်စတင်ကာ ပွဲစားလုပ်ပေးခဲ့သည်။
Royal Shune Lei မှတစ်ဆင့် မြန်မာ့လေတပ်အတွက် လေကြောင်းသုံးဗုံး ပဲ့ထိန်းကိရိယာ နှစ်မျိုး၊ ဗုံးများနှင့် လေယာဉ်ပေါ်တွင် တပ်ဆင်အသုံးပြုသည့် စောင့်ကြည့်ရေးကိရိယာများ ရောင်းချမှုကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
Royal Shune Lei သည် မြောက်ကိုရီးယားသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သို့မဟုတ် ပြန်လည်တင်ပို့ခြင်း ပြုမည့် လက်နက် သို့မဟုတ် ဆက်စပ်ပစ္စည်းများ၏ ထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ သို့မဟုတ် အသုံးပြုမှုနှင့် သက်ဆိုင်သော လေ့ကျင့်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ သို့မဟုတ် အခြားသော ဝန်ဆောင်မှုများ သို့မဟုတ် အကူအညီများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးရန် ကြိုးပမ်းခဲ့သည်။
Royal Shune Lei ကုမ္ပဏီကို ကနေဒါနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံတို့ကလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ ဥရောပသမဂ္ဂက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့သည်။
လက်ရှိ အရေးယူဆောင်ရွက်မှုသည် မြန်မာနိုင်ငံသို့ အထက်ပါလက်နက်ရောင်းချမှုများကို နှောင့်ယှက်တားဆီးပြီး မြောက်ကိုရီးယားအတွက် အရေးကြီးသော ရန်ပုံငွေစီးကြောင်းတစ်ခုကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
KOMID နှင့် RGB ( မြောက်ကိုရီးယား စစ်ရေးနှင့် ထောက်လှမ်းရေးဗျူရို ) နှစ်ခုလုံးသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားတွင် ရုံးများနှင့် ကိုယ်စားလှယ်များထားရှိပြီး နိုင်ငံခြားဝင်ငွေရရှိစေရန် လျှို့ဝှက် ကုမ္ပဏီများ တည်ထောင်ကာ ပြုံယမ်းအစိုးရထံသို့ တရားမဝင် ငွေများပြန်လည်ပေးပို့သည့်လုပ်ငန်းများလုပ်ကြသည်။
