လှည်းကူးမြို့ပေါ် အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်၊၄ ဦးထက်မနည်း ထိခိုက်ဟုဆို

ဓာတ်ပုံ - လှည်းကူးမြို့ သတင်းစုံပေ့ချ်။

By Hsu Yee/ MPA

ရန်ကုန်တိုင်း ၊ လှည်းကူးမြို့၊အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၂၅ ရက်၊ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် အုန်းနှဲကုန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအတွင်း တရားမဝင်ရွေးကောက်ပွဲ ကိစ္စရပ်များနှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး၍ စစ်မှုထမ်းအတွက် ရောင်းစားကာ လူကုန်ကူးမှုများ ဦးဆောင်လုပ်ကိုင်နေကြသည့် အုပ်ချုပ်ရေးမှူးနှင့် လူမိုက်အဖွဲ့တို့ ရှိနေစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Yangon Army အဖွဲ့က သတင်းထုတ်ပြန်သည်။

“ရုံးထဲမှာ ၇ယောက်၊ ၈ယောက်လောက်ရှိမယ်။ခွေး(စစ်သား)တော့မရှိဘူးဗျ။ ပျူတွေ၊ အုပ်ကြီးနောက်လိုက်တွေ။အထဲထိဝင်ထောင်ပြီးခွဲတာပါ။ခန့်မှန်းထိခိုက်မှုကအနည်းဆုံး ၄ယောက်၊ ၅ယောက် လောက်ထိခိုက်နိုင်ပါတယ်။အတိအကျတော့ မသိရသေးပါဘူး”ဟု Yangon Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် လူနာတင်ကားများဖြင့် ဒဏ်ရာရသူများအား လာသယ်သွားကြောင်း သိရသည်။

စစ်အုပ်စုနှင့် ပတ်သက်သော ပစ်မှတ်များနှင့် တရားမဝင်ရွေးကောက်ပွဲဆိုင်ရာ ပါဝင်ဆောင်ရွက်ကြသူများအား အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေနှင့် စစ်အုပ်စုနှင့် နီးစပ်သည့် နေရာများတွင် မနေကြရန်လည်း Yangon Army က သတိပေးထားသည်။

စက်တင်ဘာ ၂၁ ရက်၊ ည ၁၀ နာရီ မိနစ်၄၀ ခန့်ကလည်း လှိုင်သာယာမြို့နယ် အနောက်ပိုင်းရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးစောင့် စစ်သားများကို Broken System (BS)အဖွဲ့က လက်ပစ်ဗုံးနှင့်မိုင်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။

စာတည်း-ML