By Ra Wai / MPA
ရှမ်းပြည်နယ်တောင်းပိုင်း၊ ရွာငံမြို့နယ်တွင် တောင်ပြိုကျမှုကြောင့် အမျိုးသမီး ၅ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၀ဦးသေဆုံးခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၂၄ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း ကျောက်တောရွာနှင့် ညောင်ပင်သာရွာမှ စစ်ဘေးရှောင်များ နေထိုင်ရာစခန်းတစ်ခုတွင် တောင်ပြိုကျမှုကြောင့် စစ်ဘေးရှောင် ၁၀ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းတစ်လောင်းသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း Danu State National Defence Army က ယနေ့ (စက်တင်ဘာ ၂၆ရက်) သတင်းထုတ်ပြန်သည်။
” စခန်းတစ်ခုလုံးပါသွားတာပါ။ ဖြစ်စဉ်အနီးနေထိုင်တာတော့ သူတို့တွေပဲရှိပါတယ်။ ရှာဖွေမှုတော့ မဖြစ်နိုင်တော့လို့ ရပ်လိုက်ပါပြီ” ဟု Danu State National Defence Armyအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကျားပျံက MPA သို့ပြောသည်။
သေဆုံးသူများမှာ ကျောက်တောရွာမှ အသက်၆၀ရွယ် ၊၄၅နှစ်အရွယ် ၊၂၂နှစ်အရွယ်၊ ၁၀နှစ်အရွယ်နှင့် ၇နှစ်အရွယ်အမျိုးသားများနှင့် အသက် ၆၅နှစ်အရွယ်၊ ၄၇နှစ်ရွယ်၊ ၃၆နှစ်အရွယ်၊၂၄နှစ်အရွယ်နှင့် တစ်နှစ်ခွဲအရွယ် အမျိုးသမီးတို့ဖြစ်ပြီး ၎င်းတို့အနက် အသက်၂၂နှစ် အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းသာရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
ဩဂုတ်လအတွင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုတို့ကြောင့် ကျောက်တောရွာနှင့် ညောင်ပင်သာရွာမှ ပြည်သူ ၈၀၀ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
စစ်ရှောင်များသည် စစ်ဘေးအပြင် မြေပြိုမှုဘေးပါ ခံစားနေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်းသိရသည်။
ဩဂုတ် ၁၈ရက်က ညောင်ပင်သာရွာနှင့် ကျောက်တောရွာကို ဂျက်ဖိုက်တာ တစ်စင်းနှင့် ရဟတ်ယာဉ် ၂စင်းဖြင့် ဗုံးသီး ၃လုံး၊ ဩဂုတ် ၁၉ရက်မှ ၂၂ရက်အထိ လက်နက်ကြီး အလုံး ၄၀၊ ဩဂုတ် ၂၁ရက်က ရဟတ်ယာဉ် ၂စင်းဖြင့် ဗုံးသီး ၃လုံး စစ်တပ်က ကြဲချတိုက်ခိုက်ခဲ့သည်။
ထို့ပြင် ဩဂုတ် ၂၅ရက်တွင် ကျောက်တောရွာမှ နေအိမ် ၃၇လုံး၊ စက်တင်ဘာ ၁၄ရက်နှင့် ၁၅ရက်တို့တွင် နေအိမ် ၂၃လုံးနှင့် စပါးကျီတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။
စာတည်း-ML
