By Ra Wai / MPA
စစ်မှုထမ်းသင်တန်းကာလကို စစ်မြေပြင် လူလိုအပ်ချက်အပေါ် အခြေခံကာ အတိုးအလျှော့ ပြုလုပ် နေကြောင်း သိရသည်။
စစ်မှုထမ်းသင်တန်းကာလမှာ ပုံမှန်အားဖြင့် ၁၂ပတ် သတ်မှတ်ထားသော်လည်း လူအင်အားလိုအပ်ချက်အပေါ် အခြေခံကာ သင်တန်းကာလအား အတိုး၊အလျှော့ပြုလုပ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံ ရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ၏ စစ်ဘက်သုတေသန တာဝန်ခံ CDMဗိုလ်မှူး နောင်ရိုးက ဆိုသည်။
“အပတ်စဉ်၁၄ ဆို ၁၃ပတ်ကြာ သင်တန်းပေးပါတယ်။ လိုအပ်ရင် ၇ပတ်နဲ့ သင်တန်းဆင်းပြီး ရှေ့တန်း ပို့ တာ ရှိပါတယ်”ဟု ၎င်းက MPAသို့ပြောသည်။
သင်တန်းကာလ ၁၂ပတ်သည် အရေးပေါ်လိုအပ်လာလျှင် အခြေခံမျှ သင်ပေးနိုင်သည့် အချိန်ကာ လဖြစ်ပြီး စနစ်တကျ အပိုင်းလိုက်ဆိုပါက ၆လ ခန့် လိုအပ်ကြောင်း စစ်မှုထမ်းသင်တန်း အစောပိုင်း ကာလများက သင်တန်းဆင်းသည်နှင့် ရှေ့တန်းသို့ အမြန်ဆုံးပို့ကြောင်း သိရသည်။
“အခုနောက်ပိုင်း သက်ဆိုင်ရာ စုရပ်တပ်တွေမှာ မွန်းမံ ၂ပတ်လောက် ပေးပြီးမှ စစ်မြေပြင် ဆက်ပို့ ပါတယ်”ဟု CDM ဗိုလ်မှူး နောင်ရိုးက ပြောသည်။
ယခုနောက်ပိုင်း စစ်မြေပြင်၌ သေဆုံးမှုအများစုမှာ စစ်မှုထမ်းတပ်သားများဖြစ်ပြီး သေဆုံးမှုများရ ခြင်းမှာ စစ်ကြောင်းများ၌ စစ်မှုထမ်းတပ်သားအင်အား အများဆုံးဖြစ်လာသလို စစ်မှုထမ်းတပ်သား များကို ရှေ့ဆုံး၌ ထားရှိအသုံးချလာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကော်မရှင်သည် လစဉ် လူငယ်၅၀၀၀ ဝန်းကျင်ကို အဓမ္မဖမ်းဆီးစုဆောင်း လေ့ကျင့်၍ စစ်မှုထမ်းတပ်သားအဖြစ် ရှေ့တန်း စစ်မြေပြင်ဆီ ပို့ဆောင်အသုံးချလျက်ရှိရာ အလင်းဝင်နှင့် ထွက် ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းအရေအတွက် ရာခိုင်နှုန်းအနည်းငယ်သာ ရှိသေးကြောင်း MDSI က ထုတ်ပြန်ထားသည်။
စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၇ကို စက်တင်ဘာ၁၆ရက်တွင် နိုင်ငံတစ်ဝန်းရှိ စစ်ကော်မရှင် စစ်သင်တန်းကျောင်းများ၌ ဖွင့်လှစ်ခဲ့သည်။
စာတည်း-ML
