The Guardian
ထိုင်ဝမ်၏ အာဏာရပါတီမှ အရာရှိဟောင်း ၄ ဦးအား တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။
အဆိုပါ အရာရှိ ၄ဦးတွင် ထိုင်ဝမ် လက်ရှိသမ္မတ လိုင်ချင်းထယ် ဒုတိယသမ္မတ ရာထူးယူစဉ်ကနှင့် လက်ရှိ သမ္မတသက်တမ်း အစပိုင်းကာလတို့တွင် အနီးကပ်တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိ တစ်ဦးနှင့် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး၊ ယခု အမျိုးသားလုံခြုံရေးအကြီးအကဲ ဖြစ်သူ ဂျိုးဇက်ဝူ ၏ အကြီးတန်းဝန်ထမ်းဟောင်းတစ်ဦးတို့ ပါဝင်သည်။
အဆိုပါ ဝန်ထမ်းဟောင်းများသည် ထိုင်ဝမ်၏ လက်ရှိ အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အတွက် လုပ်ကိုင်ခဲ့ကြသည်။
နယူးတိုင်ပေမြို့ကောင်စီဝင်တစ်ဦး၏ လက်ထောက်ဟောင်း ဟွမ်ချူကျုံး သည် အကြာဆုံး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်းသည် ငွေကြေးခဝါချမှုဖြင့်လည်း အပြစ်ရှိကြောင်း တွေ့ရှိရပြီး ထိုင်ဝမ်ဒေါ်လာ ၁ သန်း ဒဏ်ရိုက်ခံခဲ့ရကာ၊ တရုတ်အတွက် “ရာဇဝတ်ဂိုဏ်းဖွဲ့စည်းမှု” စွဲချက်ဖြင့်လည်း သီးခြားရင်ဆိုင်နေရသည်။
တရားရုံး၏ ကြားနာချက်များအရ ဟွမ်သည် ကုဒ်ဝှက်ထားသော ဆော့ဖ်ဝဲလ်မှတစ်ဆင့် တရုတ်ထောက်လှမ်းရေးအေးဂျင့်များထံ သတင်းအချက်အလက်များ ပေးပို့ခဲ့သည်။
၎င်းသည် နိုင်ငံရေးသမားများနှင့် ဝန်ထမ်းများအတွက် လေ့ကျင့်ရေးကျောင်းတစ်ခုဖြစ်သည့် DPP ၏ ထိုင်ဝမ် Taiwan Institute of Democracy မှ ဒုတိယအကြီးအကဲဟောင်း ချိုရှိယွမ်အား ယခင် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတအကြံပေးဖြစ်သူ ဂျိုးဇက်ဝူထံမှ သတင်းအချက်အလက်များ ရယူရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။
ချိုရှိယွမ်အား ထောင်ဒဏ် ၆ နှစ်နှင့် ၂ လ ချမှတ်ခဲ့သည်။ ဟွမ်က အမှားအယွင်းမရှိဟု ငြင်းဆိုခဲ့သော်လည်း ချိုကမူ အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။
အစိုးရရှေ့နေများက အဆိုပါ အမျိုးသား ၄ဦးအတွက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် တောင်းဆိုခဲ့ပြီး ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်အား တရားရုံးသို့ တောင်းဆိုရန် စဉ်းစားနေသည်။
ထိုင်ဝမ် သည် တရုတ်၏ သူလျှိုလုပ်မှု ခြိမ်းခြောက်မှုများကို အထူးသတိထားနေသည်။ သမ္မတ လိုင်ချင်းထယ် သည် ၎င်း၏ရှေ့မှ သမ္မတ ဆိုင်အင်ဝမ် ထက် ပိုမို၍ တရုတ်လိုလားသူဟု ယူဆရသောသူများအပေါ် ပိုမိုပြင်းထန်သောစောင့်ကြည့်မှု ကို ပြုလုပ်ခဲ့သည်။
လိုင်ချင်းထယ် သည် မတ်လတွင် တရုတ်အား “နိုင်ငံခြား ရန်လိုသောအင်အားစု” အဖြစ် သတ်မှတ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ တရားရုံးစနစ်ကို ပြန်လည်ထူထောင်ရန် အငြင်းပွားဖွယ်ရာ အဆိုပြုချက်များ အပါအဝင် အမျိုးသားလုံခြုံရေး အစီအမံများကို တင်းကျပ် ခဲ့သည်။
မကြာသေးမီလများအတွင်း ထိုင်ဝမ်သည် တရုတ်နိုင်ငံသားစိစစ်ရေးစာရွက်စာတမ်းများကို တရားမဝင် ကိုင်ဆောင်ထားသူများ ကို အရေးယူ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ လုပ်ဆောင်ချက်များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ဆို့သည်ဟု ဝေဖန်ခံရသော်လည်း ထိုင်ဝမ်၏ စစ်တပ်၊ အစိုးရနှင့် လူ့အဖွဲ့အစည်းအတွင်းသို့ “မီးခိုးရောင်နယ်ပယ်” မှ ထိုးဖောက်ဝင်ရောက်မှုများကို တိုက်ဖျက်ရန် လိုအပ်သည် ဟု သမ္မတ လိုင်ချင်းထယ်က ပြောသည်။
