By Garcia Ni / MPA
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် နှစ်ခြမ်းကွဲနေသည့် ပကဖကို တစ်ဖွဲ့တည်း ပူးပေါင်းနိုင်ပြီးနောက် ပအဖအနေဖြင့်လည်း မကြာမီ တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းနိုင်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထီးလင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း ပအဖများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီး မကြာမီ တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းနိုင်တော့မည်ဖြစ်ကြောင်း ပအဖများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က MPAကို ပြောသည်။
“မကြာတော့ပါဘူး။ ပအဖလည်း ပူးပေါင်းနိုင်တော့မှာပါ၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်။ လုပ်ငန်းစဉ်လောက်ပဲကျန်တော့တာလို့ သိရတယ်။ မကြာတော့ပါဘူး။ ရက်ပိုင်းအတွင်းတောင်ဖြစ်လာနိုင်တယ်ပါတယ်” ဟု ၎င်းက ပြောသည်။
နှစ်ခြမ်းကွဲနေသည့် ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှစ်ဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၃ရက်တွင် တစ်မြို့နယ်လုံးလွှမ်းခြုံသည့် ပကဖအဖြစ် ပူးပေါင်းဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထီးလင်းမြို့နယ်တွင် ပကဖ၊ ပအဖ၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းစဥ်များတွင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ခြမ်းကွဲနေခဲ့ပြီး ပညာရေး၊ ကျန်းမာရေးလုပ်ငန်းစဥ်များ ပူးပေါင်းနိုင်ခဲ့ပြီးနောက် ပကဖလည်း တစ်ဖွဲ့တည်းပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်က ပကဖနှစ်ခြမ်းကွဲနေသည့်အတွက် PDFတပ်ရင်းများအနေဖြင့် ထောက်ပို့လုပ်ငန်းများတွင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ခြမ်းကွဲနေပြီး အခက်အခဲများရှိခဲ့ကြောင်းနှင့် ယခုလို တစ်ဖွဲ့တည်းပူးပေါင်းနိုင်ခဲ့သည့်အပေါ် ဝမ်းသာကြိုဆိုကြောင်း ယောတော်လှန်ရေးတပ်(YRA)၏ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းကMPAကိုပြောသည်။
” ထောက်ပို့က နှစ်ဖွဲ့ဖြစ်နေတော့ တပ်ရင်းတွေကလည်း နှစ်ခြမ်းဖြစ်နေတာပေါ့။ အရှေ့ဘက်ကတပ်ရင်းတွေက အရှေ့ဘက်က ကပဖတွေနဲ့လုပ်။ အနောက်ဘက်က တပ်ရင်းတွေက အနောက်ဘက်ကပကဖတွေနဲ့လုပ်။ ဒါပေမဲ့တကယ်တမ်းကျတော့ ဒီတပ်ရင်းတွေက အတူတူပေါင်းတိုက်နေရတာ။ အဲ့လိုဆိုတော့ အဆင်မပြေတာလေးတွေရှိတာပေါ့။ ခုတော့တပ်ရင်းတွေကလည်းတစ်စုတစ်စည်းတည်း၊ ထောက်ပို့ကလည်း တစ်စုတစ်စည်းတည်းဆိုတော့ ကောင်းတာပေါ့” ဟု ကိုကောင်းကဆိုသည်။
ထီးလင်းမြို့နယ်ပြည်သူများအနေဖြင့်လည်း ပကဖနှစ်ဖွဲ့ တစ်ဖွဲ့တည်းပူးပေါင်းနိုင်ခဲ့သည့်အပေါ် ကျေနပ်ပျော်ရွှင်နေကြပြီး ပအဖလည်း ပူးပေါင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထီးလင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
” အတူတူပေါင်းကိုပေါင်းရမှာလေ။ ညီညွတ်မှအောင်မယ့်ပွဲ။ အားလုံးကတိုင်တိုင်ပင်ပင်နဲ့ ပအဖလည်းပူးပေါင်းနိုင်မယ်လို့ ယုံတယ်။ ဘာလို့မပူးပေါင်းနိုင်ရမှာလဲ “ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ထီးလင်းမြို့နယ်၏ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားနိုင်ပြီး စစ်ကော်မရှင်အနေဖြင့် ထီးလင်းမြို့နှင့်၅မိုင်ပတ်လည်ကို တစ်လလျှင်တစ်ကြိမ်ခန့်သာ ရိက္ခာရှာစစ်ကြောင်းထိုးနိုင်တော့ကြောင်း စုံစမ်းသိရှိရသည်။
စာတည်း-ကိုဆန်း
