By MPA
မြန်မာလက်ဝှေ့ကစားသမား သွေးလင်းထက်သည် One Championship Friday Night 126 ပြိုင်ပွဲတွင် ထိုင်းဝါရင့်မွေ့ထိုင်းဖိုက်တာ ဆမ်အေကို ရှုံးနိမ့်ခဲ့သည်။
One Championship Friday Night 126 Strawweight တန်းတွင် မြန်မာလက်ဝှေ့ကျော် သွေးလင်းထက်နှင့် ထိုင်းမွေ့ထိုင်းဝါရင့်ဖိုက်တာ ဆမ်အေတို့ ယနေ့ည(စက်တင်ဘာ ၂၆ရက်) ညပိုင်းတွင် ထိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ ကြသည်။
သွေးလင်းထက်သည် အသက် ၂၂ နှစ်သာရှိသေးပြီး ဝါရင့်မွေ့ထိုင်းဖိုက်တာ ဆမ်အေသည် အသက် ၄၁နှစ် အရွယ်ရှိပြီး အတွေ့အကြုံရင့် ဂန္ဓဝင်မွေ့ထိုင်းဖိုက်တာတစ်ဦးဖြစ်သည်။ ကစားသမားနှစ်ဦးအကြား အသက်ကွာခြားချက် ၁၉နှစ် အထိရှိခဲ့သည်။
ဆမ်အေသည် ပထမအချီအစ၌ပင် သွေးလင်းထက်ကို အောက်ခြေသိမ်းကန်ချက်အများအပြား၊ အမြင့်ခြေကန်ချက်များ၊ လက်သီးချက်များဖြင့် ဖိအားပေးထိုးသတ်ခဲ့သည်။
ဒုတိယအချီအစတွင် သွေးလင်းထက်က သူ၏ နာမည်ကျော် ပတ်တံတောင်ရိုက်ချက်ဖြင့် ဆမ်အေကို အမှတ်စဉ် ရေတွက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် ဝါရင့်ဖိုက်တာ ဆမ်အေသည် လက်သီးတွဲလုံးများ၊ အမြင့်ခြေ ကန်ချက်များဖြင့် သွေးလင်းထက်ကို အထိနာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
တတိယအချီတွင် ဆမ်အေ၏ ဘယ်ဝိုက်လက်သီးကြောင့် သွေးလင်းထက် အမှတ်စဉ် ရေတွက်ခံခဲ့ရသည်။ သုံးချီစလုံးတွင် ဆမ်အေ၏ အမြင့်ခြေကန်ချက်၊ အောက်ခြေသိမ်းကန်ချက်များနှင့် လက်သီးတွဲလုံးများကြောင့် သွေးလင်းထက်အထိနာခဲ့ရသည်။
သွေးလင်းထက်သည် ယခုပွဲတွင် လက်သီးထိုးချက်များ၊ ခြေကန်ချက်များ အားပျော့နေလျက်ရှိသည်။
ထို့ပြင် ဝါရင့်မွေ့ထိုင်းဖိုက်တာ ဆမ်အေကို သုံးချီစလုံးတွင် အသာစီးထိုးသတ်နိုင်စွမ်းမရှိခဲ့ပေ။
ထိုင်းဖိုက်တာ ဆမ်အေသည် ပွဲမစမှီ ဝိတ်ချိန်ရာတွင် သတ်မှတ်ဝိတ်တန်းထက် အနည်းငယ်ဝိတ်ပိုနေခဲ့သော် လည်း သွေးလင်းထက်က ယှဉ်ပြိုင်ထိုးသတ် ရန် လက်ခံခဲ့ခြင်းဖြစ်သည်။
သွေးလင်းထက်သည် ONE Championship Friday Nightတွင် ပွဲစဉ် ၇ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်အနက် ၅ပွဲနိုင်၊ ၂ပွဲ ရှုံး ရလာဒ်ရရှိထား သည်။
