ကျောက်မဲတွင် TNLAတပ်များရှိသည့်ကြားက စစ်ရှောင်နေသည့်အိမ်များအခိုးခံနေရ

ဓာတ်ပုံ- ပေးပို့
ပုံစာ- စက်တင်ဘာလ ၂၁ရက်နေ့လည်း ကျောက်မဲမြို့နယ်၊နောင်ပိန်စျေးဆိုင်ခန်းအချို့ဖောက်ယူခံထားရပုံ

By Bala/ MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရှိနေသည့်ကြားမှ စစ်ရှောင်များ၏ အိမ်များ ခိုးခံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်မှ စတင်ကာ ကျောက်မဲမြို့တွင်းနှင့် ကျေးရွာများတွင် စစ်ရှောင်များ၏ နေအိမ်အခိုးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကားနှင့် လှည့်ပတ်ခိုးနေသော်လည်း လက်ရှိအချိန်ထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း ကျောက်မဲမြို့၊ ရန်ကင်းရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ဦးတို့အိမ်ဆို အမျိုးသားနှစ်ယောက်လာခိုးတာ၊ အိမ်သားတွေက စစ်ရှောင်နေကြတာ၊ အိမ်ထဲ ဝင်ခိုးမလို့ ခြံထဲရောက်လာတာတွေ့တော့ လှမ်းအော်တာတောင်မပြေးဘူး၊ ဆိုလာချပ်ကိုဖြုတ်နေသေးတာ၊ လူကိုယ်တိုင်ထွက်အော်မှ ပြေးသွားတာ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်ကလည်း ကျောက်မဲမြို့နယ်၊ စစ်ရှောင်နေသဖြင့် ယာယီပိတ်ထားသည့် နောင်ပိန်စျေးဆိုင်ခန်းတချို့ ဖောက်ထွင်းခိုးယူခံထားရပြီး ခိုးယူသူများကို သိရှိခြင်းမရှိကြောင်း ကျောက်မဲမြို့နေ Visit Kyaukme အဖွဲ့မှ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြထားသည်။

“ခိုးယူမှုတွေ ဖြစ်ပွားနေတာတော့ဟုတ်ပါတယ်။ ဒေသခံတွေနဲ့ အဆက်အသွယ်ကောင်းကောင်းမရတော့ အသေးစိတ်မသိရသေးပါဘူး။ နောင်ပိန်စျေးဆိုင်ခန်းတချို့ ဖောက်ထွင်းခိုးယူခံရပြီး အခိုးခံပြီးမှ ဒေသခံတွေ ပြန်သိရလို့ ပုံတွေပို့ပေးထားတာတော့ ရှိတယ်”ဟု Visit Kyaukme၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်နေ့မှ စတင်ကာ TNLAတပ်ဖွဲ့က ၁၃/မှတ်ပုံတင်ကိုင်ဆောင်ထားခြင်းမရှိဘဲ ကျောက်မဲမြို့အတွင်း နေထိုင်သူများကို စစ်ဆေးမေးမြန်းခြင်းများနှင့် သံသယရှိသူများကို ယာယီထိန်းသိမ်းခြင်းများပြုလုပ်နေသော်လည်း ယခုထက်ထိ ခိုးမှုများရှိနေသေးကြောင်း ကျောက်မဲမြို့တွင်း နေထိုင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

“အခုက လစ်ရင်လစ်သလိုခိုးတယ်၊ မလစ်လဲ ရသလိုခိုးတယ်။ ကျောက်မဲမြို့ထဲမှာဆို ကားနဲ့ပတ်ခိုးတဲ့လူတွေရှိတယ်။ ဘယ်ကလာခိုးလဲဆိုတာတော့မသိဘူး၊ သေနတ်တွေပါလားလဲဆိုတာလဲမသိဘူး။ ကျတော်တို့မှာ လေးခွပဲရှိတော့ နိုင်မယ်ထင်ရင် ထွက်ပစ်တယ်။ မနိုင်ဘူးထင်ရင် အိမ်ထဲက ထွက်အော်တာပေါ့။ များသောအားဖြင့်က လူမရှိတဲ့ အိမ်တွေကိုပဲခိုးကြတာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်၊ နေ့လယ် ၁၂နာရီကျော်ကလည်း ကျောက်မဲမြို့ ၊မိုင်းတင်းအုပ်စု၊ ပင်တီးရွာရှိ ပင်တီးဘုန်းကြီးကျောင်းဆွမ်းစားဆောင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲခဲ့သဖြင့် အဆောက်အအုံအချို့ ထိမှန်ပျက်စီးခဲ့ပြီးလူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ကျောက်မဲမြို့နယ်နေ ပြည်သူ ၉ထောင်ကျော် စစ်ရှောင်နေရသည့်ကြားမှ စစ်ရှောင်အိမ်များပါ ဖောက်ထွင်းခံနေရသဖြင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများနှင့် ဆုံးရှုံးမှုများကို ကြုံတွေ့နေရကြောင်း MPAက စုံစမ်းသိရသည်။

စာတည်း-ကိုဆန်း