By Ko Myo / MPA
အသေခံဝင်တိုက်မည့် FPVဒရုန်းများကို တော်လှန်ရေးတပ်များရော စစ်တပ်ပါ အသုံးပြုနိုင်ရန် ကြိုး စားနေကြပြီဖြစ်ကြောင်း Tactical Raptor 2.0 က ဆိုသည်။
မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်များရော စစ်တပ်ပါ FPV ဒရုန်း အသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ် မလာသေးသော်လည်း သုံးရန် ကြိုးစားနေကြပြီဖြစ်၍ FPV ဒရုန်းများကို ပစ်ချနိုင်သည့် shotgun ပစ် ခတ်မှုအား လေ့ကျင့်ရန် လိုအပ်လာပြီဖြစ်ကြောင်း အနားကပ်လာသည့် ရုရှားဒရုန်းကို ယူကရိန်း တပ်ဖွဲ့က ပစ်ချလိုက်သည့် ရုပ်သံဖိုင်အားဥပမာအဖြစ်ပြကာ Tactical Raptor 2.0 က ယင်းသို့ပြော ကြားခဲ့သည်။
“Shotgun ကို buckshot ကျည်သုံးပြီး ပစ်တဲ့အခါ ပြောင်းကနေ ကျည်တစ်တောင့်တည်း ထွက်လာ တာမဟုတ်ဘဲ ခဲစေ့တွေ အများပြားထွက်လာတာကြောင့် ပျံနေတဲ့ ဒရုန်းကို ထိဖို့ ပိုဖြစ်နိုင်ခြေများ ပါတယ်။ ဒါ့ကြောင့် ယူကရိန်း၊ ရုရှား နှစ်ဖက်စလုံးက ခြေလျင်တပ်ဖွဲ့တွေမှာ ဒရုန်းကာကွယ်ရေး လက်နက်အဖြစ် shotgun တွေ သုံးတာကို မကြာခဏတွေ့ရတာပါ”ဟု Tactical Raptor 2.0 က ဆိုသည်။
ယနေ့ခေတ်တိုက်ပွဲများတွင် ဒရုန်း၏ အခန်းကဏ္ဍမှာ အထူးတလည် အရေးပါပြီး NUGအစိုးရအနေ နှင့် ဒရုန်းနှင့် အခြားစစ်ရေးဆိုင်ရာ သင်ယူနိုင်ရန် ကျွမ်းကျင်PDF တပ်ဖွဲ့ဝင်အချို့ကို ယူကရိန်းသို့ စေလွှတ်သင့် ကြောင်း နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက ပြောသည်။
“NUGအနေနဲ့ ချိတ်မယ်ဆိုရင် မခက်ဘူးလို့ထင်ပါတယ်။ယူကရိန်းကနေ ကျနော်တို့ သင်ယူရမှာတွေ အများကြီးပါ။အထူးသဖြင့် ဒရုန်းနဲ့ပတ်သက်ရင်လည်း အရေးတကြီးသင်ယူရမှာတွေရှိတယ်။အဲဒီလို စေလွှတ်ဖို့ လိုအပ်တဲ့ငွေကြေးကလည်း အစိုးရတစ်ရပ်အနေနဲ့တွက်ရင် မများလောက်ပါဘူး”ဟု ၎င်းက အကြံပြုသည်။
ဗုန်းသီးပစ်ချသည့် dropper ဒရုန်းမျိုးသည် အထိုက်အလျောက် အမြင့်မှာ ပျံသည့်အတွက် shotgun နှင့် ပစ်ချရန် မလွယ်သော်လည်း အသေခံဝင်တိုက်မည့် FPV ဒရုန်းများအား shotgunနှင့် ပစ်ချရန် ဖြစ်နိုင်ကြောင်း Tactical Raptor 2.0 က ဆိုသည်။
စာတည်း-ML
