မလှိုင်သို့ ဝင်လာသော စစ်ကြောင်း လေဖြတ်နေသူ ၂ဦးအပါအဝင် ပြည်သူ၅ဦးကို သတ်

ဓာတ်ပုံ - Google
ပုံစာ - မလှိုင်မြို့နယ် အိမ်ကြီးတောရွာကို Google Map ၌ တွေ့ရစဉ်။

By Nway / MPA

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်ကြောင်း ဝင်ရောက်နေသည့် ၅ရက်အတွင်း လေဖြတ်နေသူ၂ဦးအပါအဝင် ထွက်မပြေးနိုင်သည့် ပြည်သူ ၅ဦး သတ်ဖြတ်ခံထားရကြောင်း သိရသည်။

စက်တင်ဘာ ၂၃ရက်မှစ၍ မလှိုင်မြို့နယ်ထဲသို့ စစ်ကြောင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ( စက်တင်ဘာ ၂၇ရက် )နံနက်ပိုင်းအထိ မလှိုင်မြို့နယ်၊ပန်းအိုင်ရွာမှ အသက် ၇၀အရွယ် အမျိုးသား တစ်ဦး၊ အိမ်ကြီးတောရွာမှ အသက် ၆၀အရွယ် အမျိုးသမီး တစ်ဦး၊ အသက်၆၀အရွယ် လေဖြတ်နေသည့် အမျိုးသားနှစ်ဦးနှင့် ၁၀နှစ်အရွယ် ကလေးငယ် တစ်ဦးတို့ ပစ်သတ်ခံထားရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ လူထုသတင်းကွန်ယက် – မလှိုင်မြို့ထံက သိရသည်။

” ၂၃ရက်နေ့မှာ ပန်းအိုင်ရွာက အမျိုးသားပစ်သတ်ခံရတာ။ ကျန်တာကျ ဘယ်နေ့အသတ်ခံရလဲ အတိအကျမသိနိုင်သေးဘူး။ ပြည်သူတွေက အကုန်မရှောင်နိုင်ဘူး။ ရွာထဲမှာ ကျန်းမာရေး မကောင်းသူနဲ့ သက်ကြီးရွယ်အိုတွေကျန်ခဲ့တာပါ ” ဟု လူထုသတင်းကွန်ယက် – မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

ယင်းစစ်ကြောင်းသည် အင်အား ၁၂၀ခန့်ဖြင့် တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှ ထွက်ခွာလာခြင်းဖြစ်ပြီး စက်တင်ဘာ၂၃ရက်တွင် မလှိုင်မြို့နယ် ပန်းအိုင်ရွာသို့ ဝင်ရောက်လာ ခြင်း ဖြစ်သည်။

” စစ်ကြောင်းက ၂၃ရက်နေ့က ရုံးစည်ကြီးက နေ မလှိုင်နယ် ပန်းအိုင်ရွာကိုဝင်လာတာ။ အဲ့ဒီကနေ ဆုံးတွင်းရွာဘက် ကူးသွားပြီး ညအိပ်တပ်စွဲတယ်။ ၂၄ရက် မနက် ၈နာရီ မှာ နှောကန်၊ ပျော်ဘွယ် ကူးသွားတာ။ ၂၅ရက်နေ့ ညနေမှာ အိမ်ကြီးတောရွာကို ရောက်ပြီး အခုတော့ အိမ်ကြီးတောရွာ တောကျောင်းမှာရှိနေဆဲပါ ” ဟု ၎င်းကပြောသည်။

စက်တင်ဘာ ၂၆ရက်၊ညနေ၅နာရီခန့်တွင် အိမ်ကြီးတောရွာရှိ ေနအိမ်တစ်လုံးကို စစ်တပ်က မီးရှို့ခဲ့ပြီး ညနေ ၆နာရီခွဲခန့်၌ စက်တပ်လေထီး ၄စင်းဖြင့် အိမ်ကြီးတောရွာအရှေ့ဘက်ကို ဗုံးသီး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့ရာ ယာခင်းများပေါ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းကြောင့် အိမ်ကြီးတောရွာအပါအဝင် ကျေးရွာ ၃ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးရွယ်အိုများ ရွာထဲ၌ ကျန်နေကြောင်း သိရသည်။

စာတည်း-ML