စစ်အေးခေတ်အတွေးအခေါ် ပြန်လည်ရောက်ရှိလာကြောင်း တရုတ်က ကုလသမဂ္ဂတွင် သတိပေး

ဓာတ်ပုံ-- AP
ပုံစာ - တရုတ်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို ကြည့်ရှုနေသည့် သမ္မတရှီကျင့်ဖျင်

AFP

ကမ္ဘာပေါ်တွင် “စစ်အေးခေတ်အတွေးအခေါ်” ပြန်လည်ရောက်ရှိလာကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အမေရိကန်ကို သွယ်ဝိုက်ဝေဖန်မှုအဖြစ် စက်တင်ဘာ ၂၆ ရက်တွင် ကုလသမဂ္ဂမှနေ၍ သတိပေးခဲ့ပြီး ဘက်ပေါင်းစုံပါဝင်သော ဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးကို ကာကွယ်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် တရုတ်ဝန်ကြီးချုပ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိဘဲ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အမေရိကန်သည် မကြာသေးမီကအထိ ကမ္ဘာ့တည်ငြိမ်မှုအတွက် အဓိကတာဝန်ရှိသည့်နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ တရုတ်သည် ကမ္ဘာ့တည်ငြိမ်မှုအတွက် ကာကွယ်စောင့်ရှောက်သူဖြစ်လာကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောကြားသည်။

လီချန်က “ကမ္ဘာကြီးဟာ မငြိမ်မသက်မှုနဲ့ အသွင်ကူးပြောင်းမှုရဲ့ ခေတ်သစ်ထဲကို ရောက်ရှိလာပါပြီ” ဟု ပြောကြားခဲ့သည်။

“တစ်ဖက်သတ်ဝါဒနဲ့ (စစ်အေးခေတ်အတွေးအခေါ်တွေဟာ) ပြန်လည်ပေါ်ပေါက်လာနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်အတွင်း တည်ဆောက်ခဲ့တဲ့ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ အစီအစဉ်တွေဟာ ပြင်းထန်တဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီး တစ်ချိန်က ထိရောက်ခဲ့တဲ့ နိုင်ငံတကာစနစ်ဟာလည်း စဉ်ဆက်မပြတ် ပျက်ပြားနေပါတယ်၊ လမ်းဆုံတစ်ခုကိုလည်း ရောက်ရှိလာပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

ထရန့်သည် တရုတ်နိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး ရရှိထားသော်လည်း နိုင်ငံများကို ဖိအားပေးရန် အဓိကနည်းလမ်းအဖြစ် အသုံးပြုခဲ့သော အကောက်ခွန်များ စည်းကြပ်ခြင်းကို လီချန်က ဝေဖန်ခဲ့သည်။

“လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မကျေလည်မှုရဲ့ အဓိကအကြောင်းရင်းကတော့ အကောက်ခွန်တိုးမြှင့်ခြင်း၊ တံတိုင်းတွေ၊ အတားအဆီးတွေ တည်ဆောက်ခြင်းတို့လို တစ်ဖက်သတ်နဲ့ ကာကွယ်ရေးဝါဒသုံး အစီအမံတွေ မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်” ဟု လီချန်က ဆိုသည်။

“တရုတ်နိုင်ငံဟာ ကမ္ဘာကြီးအတွက် တံခါးကို အစဉ်တစိုက် ပိုမိုကျယ်ပြန့်စွာ ဖွင့်ထားပါတယ်” ဟုလည်း ၎င်းက ပြောသည်။

လီချန်က တရုတ်နိုင်ငံသည် “ကုလသမဂ္ဂရဲ့ စံနှုန်းတွေကို ကမ္ဘာ့ကျန်နိုင်ငံတွေနဲ့အတူ ထိန်းသိမ်းစောင့်ရှောက်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန် နှင့် ပစိဖိတ်မဟာမိတ်များက ဗျူဟာမြောက် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အငြင်းပွားမှု မြောက်မြားစွာ ရှိနေသလို အခြေအနေမှန်ကို လက်ခံရန်နှင့် လမ်းကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ခွင့်ပြုရန် တရုတ်နိုင်ငံအား အချိန်ကြာမြင့်စွာ တောင်းဆိုခဲ့ကြသည်။