By Ra Wai / MPA
အာဏာရှင်အဆက်ဆက်တို့၏ မလိုမုန်းတီးစိတ်ထားဖြင့် မည်သို့ပင် တိုက်ခိုက်ချေမှုန်းဖျက်ဆီးသည် ဖြစ်စေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြွေးကြော်လိုက်သည်။
ယနေ့(စက်တင်ဘာ၂၇ရက်)ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့သည့် ၃၇နှစ်ပြည့် ထုတ်ပြန်ချက်တွင် ယင်းသို့ ကြွေးကြော်ခဲ့သလို စစ်ကော်မရှင်ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ အကောင်အထည်မပေါ်ရန် မိတ်ဖက်အင်အားစုများအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
“စစ်ကော်မရှင်ပြုလုပ်မယ့် ငါတကောရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင် တိုက်ဖျက်သွားဖို့ဆိုတာ ဒီမိုကရေစီအင်အားစုအားလုံးရဲ့ တာဝန်ပါပဲ။အခု NLD ထုတ်ပြန်ထားသလို အတုအယောင်ရွေး ကောက်ပွဲ အကောင်အထည်မပေါ်အောင် မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ကျယ် ပြန့်တဲ့ အလုပ်ကော်မတီဖွဲ့စည်းဖို့လိုမယ်။ ဘယ်လိုပုံစံမျိုး ပူးပေါင်းတိုက်ဖျက်သွားကြမယ်ဆိုတဲ့ လုပ်ငန်းစဉ် ရှိဖို့လည်း လိုပါမယ်။ကြေညာချက်ထုတ်ပြီး တိုက်ဖျက်လို့တော့ မရဘူး”ဟု မုံရွာအခြေစိုက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
မြန်မာ့နိုင်ငံရေးပြဿနာအရပ်ရပ်ကို ပြေလည်စေရေးအတွက် အာဆီယံအပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံတကာအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို လတ်တလောပြေလည်စေရေးအတွက်သာ မဟုတ်ဘဲ ပြဿနာအရင်းအမြစ်ကို သိရှိရန် လိုအပ်ပြီး အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူဖြစ်စေမည့်ကိစ္စရပ်များအား ရှောင်ဖယ်ကြရန်လည်း NLDက ထုတ်ပြန်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ကို မည်သည့်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားသည် ကို ယနေ့တိုင် မသိရှိရဘဲ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသောသတင်းများ ထွက်ပေါ်လာမှုကြောင့် NLDအနေဖြင့် အထူးစိုးရိမ်ပူပန်မိကြောင်းစစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော တွေ့ဆုံဆွေးနွေးမှုများသည် ပြေလည်မှုမရရှိနိုင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ် မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပမိတ်ဖက်အင်အားစုများက ဆက်လက်ကြိုးပမ်းအားထုတ်ပေးပါရန်နှင့် NLDပါတီသည်လည်း အားလုံးနှင့်အတူ ထိရောက်သွေးစည်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
စာတည်း-ML
