တောင်ကုတ်တွင် ဘုန်းကြီးကျောင်းပေါ် စစ်တပ်ဗုံးကြဲ၊ စစ်လော်ဘီများက AA ဌာနချုပ်ဟု သတင်းအမှား ဖြန့်ဝေ

By Ra Hu/ MPA

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲချခဲ့ပြီး စစ် တပ်ထောက်ခံသော လော်ဘီများက AA ဌာနချုပ်ဟု သတင်းအမှားဖြန့်ဝေလျက်ရှိသည်။

“ဝါစိမ်းနီ” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၂၆ရက် ညပိုင်းတွင် “တောင်ကုတ်မြို့ AA ဌာနချုပ်အား ညနေ ၄နာရီခွဲ အချိန်တိတိ ပေါင်၅၀၀ ဗုံးကြဲသုတ်သင်ရှင်းလင်း” ဟု (မူရင်းရေးသားချက်အတိုင်း) အဆောက်အဦး ထိခိုက်ပျက်စီးနေမှုအား ရိုက်ကူးထားသော ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။

ဖြန့်ဝေထားသောလင့်ခ် – https://bitly.cx/KQmMP
Archive လင့်ခ် – https://archive.ph/o2WsL

စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို Myanmar Fact- Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစစ်ဆေးချက်

စစ်လော်ဘီချန်နယ်က ဖြန့်ဝေထားသော ဓာတ်ပုံကို Google Lens ဖြင့် အချက်အလက်စစ်ဆေးကြည့်ရာ Narinjara သတင်းဌာန၏ သတင်းဓာတ်ပုံများနှင့် ထပ်တူညီလျက်ရှိသည်။

စက်တင်ဘာ ၂၆ရက် Narinjara သတင်းတွင် ဗုံးကြဲ တိုက်ခိုက်ခံရသည့် ဘုန်းတော်ကြီးကျောင်းမှာ ယခင် စစ်တပ်ကိုးကွယ်ခဲ့သော တပ်ဦးဘုန်းကြီးကျောင်းဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်၊ ညနေ ၃ နာရီ ၄၈ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲခံရမှုကြောင့် တပ်ဦးဘုန်းကြီးကျောင်း ဆောင်တစ်ခုလုံး ပြိုကျပျက်စီးခဲ့ကြောင်း၊ နေထိုင်သူ မရှိသဖြင့် ဒဏ်ရာရ၊ သေဆုံးသူမရှိကြောင်းရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/3wt2

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “တောင်ကုတ်မြို့ရှိ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ Western News ၊ သံလွက်ခက်၊ Rakhita Times သတင်းမီဒီယာတို့က သတင်းဖော်ပြထားကြသည်။

သတင်းမီဒီယာများတွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ ကြောင်း၊ ဗုံးကြဲခံရသော တောင်ကုတ်မြို့ပေါ်ရှိ တပ်ဦးဘုန်းကြီးကျောင်းသည် စစ်ကောင်စီတပ်များ ယခင်က တပ်စွဲခဲ့သော ဘုန်းကြီးကျောင်းဖြစ်ပြီး AA က သိမ်းပိုက်ပြီး နောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းရေးသားထားသည်။

ထို့အပြင် စစ်ကော်မရှင်၏ စစ်တပ်သည် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်း၌ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်က်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးသေဆုံးခဲ့ရပြီး ၂၂ ဦး အထိ ဒဏ်ရာရရှိခဲ့ပြီး ဩဂုတ်လ ၂၅ ရက် ညတွင် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၅ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၈ ဦးရှိခဲ့ကြောင်း သတင်းဖော်ပြထားကြသည်။

သတင်းလင့်ခ်များ

Western News – https://bitly.cx/hI2k
သံလွင်ခက် – https://bitly.cx/P9F4v
အာရက္ခတိုင်းမ် – https://bitly.cx/Z4Ad

ယုံကြည်စိတ်ချရသော သတင်းမီဒီယာများတွင် တောင်ကုတ်မြို့ရှိ တပ်ဦး ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့သော်လည်း ဒဏ်ရာရ သေဆုံးသူမရှိကြောင်း ရေးသား ဖော်ပြထားကြသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက တောင်ကုတ်မြို့ရှိ AA ဌာနချုပ်ကို ဗုံးကြဲ ဟု ဖြန့်ဝေထားခြင်းသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။