By Hsu Yee/MPA
ပြည်သူထံမှ အဓမ္မကောက်ခံရရှိသည့်ငွေဖြင့် ကေတီဗီတွင် ပျော်ပါးနေသော လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါတို့ကို မြို့ပြပြောက်ကျား Yangon Army က သတိပေးစာ ထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းထိုက်နှင့် ပျူစောထီးများဖြစ်သည့် ကျော်ရွှေ၊သောင်းစိုး၊ရဲဝင်းနှင့် မောင်ရွှေတို့သည် ရပ်ကွက်နေပြည်သူများထံမှ တစ်အိမ်ထောင်လျှင် တစ်လ စစ်မှုထမ်းကြေး ကျပ်၃သောင်း နှင့် လုံခြုံရေးကြေး ကျပ်၃သောင်း စုစုပေါင်း ၆သောင်း ကောက်ခံလျက်ရှိပြီး မပေးဆောင်နိုင်ပါက စစ်မှုထမ်းခိုင်းမည်ဟုလည်း ခြိမ်းခြောက်လေ့ရှိကာ ယင်းငွေများဖြင့် ကေတီဗီ၌ သုံးဖြုန်းနေကြောင်း Yangon Army အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၇ရက်)သတင်း ထုတ်ပြန်သည်။
“အိမ်ထောင်အများကြီး တစ်ခါကောက်၆သောင်း။ KTVကို တစ်ပတ် ၅ရက်လောက် သွားတယ်၊ မယားငယ်နဲ့။အဲ့ဒီလိုကောင်တွေပဲ အခုခေတ် ခွေးလိုသုံးနိုင်တာလေ။ပြည်သူက တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာရတယ်”ဟု Yangon Army မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်မှုထမ်းကြေးကောက်ခံသော်လည်း လူငယ်များကို ဖမ်းဆီးကာ ငွေညှစ်လေ့ရှိကြောင်းလည်း သိရသည်။
“ပိုက်ဆံကောက်ပြီးလည်း ရပ်ကွက်ထဲဖမ်းဆီးတာ လုပ်သေးတယ်။ဖမ်းပြီးရင် ဂွင်ပေါင်းစုံလုပ် တယ်လေ။ ပြည်သူတွေလည်း တကယ်သနားဖို့ကောင်းတယ်။Messenger ကနေ နေ့တိုင်းအများ ကြီးပဲ လာတိုင်ကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ ပြည်သူများအား ဖိနှိပ်ညှင်းပန်းနေသော အုပ်ကြီးနှင့် အပေါင်းအပါများကို ရပ်တန်းကရပ်ရန် Yangon Army ကနောက်ဆုံးအကြိမ် သတိပေးလိုက်သည်။
လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်တွင် အိမ်ထောင်စု၂၇၆၈စု ရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်း၌ ဖော်ပြထားသည်။
စက်တင်ဘာ ၂၅ ရက်၊ ည ၇ နာရီကျော်တွင် လှည်းကူးမြို့ ၊ အုန်းနှဲကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Yangon Army အဖွဲ့က ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စာတည်း-ML
