By Ra Hu/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာတွင် အသက် ၁၆နှစ်အရွယ် မိန်းကလေးကို စစ် ကော်မရှင်တပ်က အဓမ္မပြုကျင့်ခဲ့ပြီး မိခင်နှင့် မောင်ဖြစ်သူကို သတ်ဖြတ်ခဲ့သော်လည်း ထိုအမှုကို TNLA အဖွဲ့ ကျူးလွန်ဟု စစ်လော်ဘီများက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။
“စွမ်းအားရှင်”အမည်ရှိ စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၂၇ရက် မွန်းလွဲပိုင်းတွင် ရွှေဖီမြေသတင်းဌာနက “ကျောက်မဲထိုးစစ်မှာ အသက် ၁၆နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ သုံးဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်” ဟု ရေးထားသော သတင်းကို Screenshot ရိုက်ကူး၍ TNLA အဖွဲ့က ကျူးလွန်၍ စစ်တပ်လုပ်ခဲ့ဟု ဝါဒဖြန့်ထားခြင်းဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။
ထို့အပြင် စစ်တပ်၏ စစ်ကြောင်းများ ကျောက်မဲမြို့နားရောက်ချိန်တွင် TNLA များက နားအိုက်ခန့်ရွာ တောင် ယာတဲရှိ ရှမ်းမိသားစုတစ်စုကို သတ်ဖြတ်ခဲ့ပြီး ၁၆နှစ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊ စစ်တပ်သုံး ကျည်ကာတစ်ထည်ကို တမင်ချန်ထားခဲ့ခြင်းဖြစ်ကြောင်း ရေးသား၍ သတင်းအမှားဖြန့်ချိထားသည်။
ထိုသို့ ဖြန့်ဝေထားမှုအား အခြားသော စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
စွမ်းအားရှင် – https://archive.ph/Oq6tM
Lashio thar – https://archive.ph/JXJmE
လူသတ်၊ အဓမ္မပြုကျင့်မှုကို TNLA အဖွဲ့ ကျူးလွန်ခဲ့ဟု စစ်တပ်လော်ဘီများ ဖြန့်ဝေထားမှုအား Myanmar Fact-Checking Network ၏ အဖွဲ့ဝင်မီဒီယာဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအမှား ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။
သတင်းစိစစ်ချက်
စစ်တပ်လော်ဘီများက ရွှေဖီမြေသတင်းကို Screenshot ရိုက်ထားသော စစ်ဆေးကြည့်ရာတွင် ကျောက်မဲ မြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာ ဖြစ်နေကြောင်း၊ သေဆုံးနေသည့် မနန်း (အမည် လွှဲ)၏ ဘေး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျည်ကာလည်း တွေ့ခဲ့ရပြီး မနန်းဟာ ရုန်းကန် ထားသော ပုံစံ ဖြင့် သေဆုံးနေခဲ့ကြောင်း၊ စစ်ကောင်စီနှင့် တအာင်းတပ်မတော်–TNLA တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ သည့် ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန့်ကျေးရွာထဲသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ပြီးနောက် စစ်ကောင်စီ တပ်သားများက အဓမ္မပြုကျင့်ပြီး သားအမိ ၃ ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဖီမြေ သတင်းအေဂျင်စီက စက်တင်ဘာ ၂၆ရက်တွင် သတင်းရေးထားသည်။
ဆက်လက်အတည်ပြုနိုင်ရန် Google တွင် “ ကျောက်မဲမြို့ နားအိုက်ခန့်ရွာ ၁၆နှစ်မိန်းကလေး အဓမ္မပြုကျင့် ခံရ”ဟု ရေးသားရှာဖွေရာ Arakan Bay News- ABN , Shan Newsစသည့် သတင်းမီဒီယာများက သတင်း ရေးသားထားသည်။
သတင်းမီဒီယာများတွင် စက်တင်ဘာ ၂၄ ရက်၊ ညနေပိုင်းတွင် ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ရွာအနီးရှိ လယ် ယာတဲ၌ နေထိုင်သော အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို စစ်ကော်မရှင်တပ်က အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ပြီး ၊ ၄၈ နှစ်အရွယ် မိခင်ဖြစ်သူ နှင့် ၁၂ နှစ်အရွယ်မောင်ဖြစ်သူ တို့ကိုလည်း ပစ်သတ်ခဲ့ကြောင်း၊ စစ်ကြောင်းထိုးလာချိန်တွင် ကြောက်လန့်၍ ထွက်ပြေးသည့် အသက် ၃၀ အရွယ် သံဃာ ၁ ပါးလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုခံရကြောင့် ပျံလွန်တော်မူခဲ့ကြောင်း ရေးသားထားသည်။
အဓမ္မပြုကျင့်ခံရသော မိန်းကလေး၏ အနီးနားတွင် စစ်ကော်မရှင်တပ်သား၏ စစ်ဝတ်စုံနှင့် သေနတ်ပြောင်း တွေ့ရှိကြောင်း သတင်းမီဒီယာများက သတင်းဖော်ပြထားကြသည်။
သတင်းလင့်ခ်များ
ABN – https://bitly.cx/YFI7
Shan News – https://bitly.cx/mzF0
သျှမ်းကျောင်းသားများသမဂ္ဂ (TSU) က စစ်ကောင်စီတပ်သားများက အသက်မပြည့်သေးသော မိန်းက လေးငယ်တစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့ပြီး သံဃာတစ်ပါးအပါအဝင် အခြားရွာသား ၂ဦး စုစုပေါင်း ၄ဦးကိုသတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံလင့်ခ် – https://bitly.cx/osvE
သုံးသပ်ချက်
သတင်းမီဒီယာများနှင့် သျှမ်းကျောင်းသားများသမဂ္ဂတို့က ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်တဲ အိမ်တွင် အသက် ၁၆နှစ်အရွယ် မိန်းကလေးကို စစ်ကော်မရှင်တပ်က အဓမ္မပြုကျင့်ခဲ့ပြီး မိခင်နှင့် မောင်ဖြစ်သူ ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ ကြောင်း ရေးသားထားသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက အဓမ္မပြုကျင့်မှုကို TNLA အဖွဲ့ ကျူးလွန်ဟု ဖြန့် ဝေထားခြင်းသည် အပုပ်ချတိုက်ခိုက်စွပ်စွဲထားသော သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
အထက်ပါ သတင်းအချက်အလက်စစ်ဆေးမှုသည် စက်တင်ဘာ ၂၇ရက် ညနေပိုင်းအချိန်ထိ ရရှိသော သတင်း အချက်အလက်များပေါ် မူတည်၍ ရေးသားထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
