တန့်ဆည် ဗုံးကြဲခံရမှု ဆီဆိုင်ပိုင်ရှင်နှင့် ကိုယ်ဝန်သည်သမီး အပါ သေဆုံးသူ ၁၂ဦးထိ ရှိလာ

ပုံစာ-ဗုံးကြဲခံရပြီးနောက် မြင်ကွင်း။

By Nway / MPA

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆီဆိုင်ပိုင်ရှင်နှင့် သမီးဖြစ်သူကိုယ်ဝန်သည်အပါအဝင် သေဆုံးပြည်သူ ၁၂ဦးအထိရှိလာကြောင်းသိရသည်။

စက်တင်ဘာ ၂၆ရက်၊ နံနက် ၁၁နာရီခွဲခန့်တွင် ကံထူးမရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြချတိုက်ခိုက်ခဲ့ရာ နိုဘယ်ဝမ်းဓာတ်ဆီဆိုင်အနီး ကျရောက်ပေါက်ကွဲပြီး ဓာတ်ဆီဆိုင်မီးလောင်ကာ အနီးရှိ ဆောက်လက်စတိုက်တစ်လုံးလည်း ပြိုကျပျက်စီးခဲ့သည်။

” ဆေးကုသမှုခံယူနေတဲ့အတွင်းမှာ ထပ်သေတာပေါ့နော်။ ၁၂ဦးထဲမှာက မိန်းကလေး ၂ဦးပါတယ်။ ယောကျာ်းလေးက ၁၀ဦး” ဟု တန့်ဆည်မြို့နယ်ပကဖ၊ သတင်းဌာနမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

သေဆုံးသွားသည့် ဓာတ်ဆီဆိုင်ပိုင်ရှင်မှာ ကိုထွန်းထွန်း(ခ)ကိုပြူးစိန်ဖြစ်ကြောင်း သိရသည်။

” သူရယ် သူ့သမီးလေး အသက် ၂၀ကောင်မလေးတစ်ယောက်ရယ်။ သူကအိမ်ထောင်ကျပြီးတော့ လောလောဆယ်ကိုယ်ဝန်ရှိတယ်လို့ကြားတယ်။ အဲ့ကလေးမလေးရောပါသွားတာ” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူ ၁၂ဦးအနက် ၇ဦးမှာ ကံထူးမရွာခံများဖြစ်ကြောင်းသိရသည်။

” ကျန်တဲ့ဟာတွေက ရေဦးနယ်ကတစ်ယောက်နဲ့ ကျွန်းလှဘက်ကတစ်ယောက်။ ကျန်တဲ့ဟာက ဒီတန့်ဆည်နယ်ထဲမှာရှိတဲ့ ရွာတွေက သူတွေပဲ။ အသက်အရွယ်တွေကတော့ သေဆုံးသွားတဲ့ မိန်းကလေး ၂ယောက်ကတော့ ၂၀၊ ၂၁၊ ၂၂လောက်ပဲ။ ကျန်တဲ့ဟာတွေကတော့ ၂၅၊ ၃၀ဝန်းကျင်လောက်တွေပေါ့ဗျာ” ဟု ၎င်းကပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၀ဦးဝန်းကျင်ရှိပြီး စိုးရိမ်ရသူ မရှိတော့ကြောင်း သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းကိုလည်း မီးသင်္ဂြိုဟ်ပြီးပြီဖြစ်သလို မီးလောင်ပျက်စီးသွားသည့် ဓာတ်ဆီဆိုင်နှင့် ပြိုကျသွားသည့် အဆောက်အအုံကိုလည်း ရှင်းလင်းပြီးပြီဖြစ်ကြောင်းသိရသည်။

ဗုံးကြခံရပြီးနောက် ကံထူးမရွာခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်းသိရသည်။

တန့်ဆည်မြို့နယ်၊ ကံထူမကျေးရွာကို ၂၀၂၅ခုနှစ်၊ မတ်လ ၄ရက်တွင် PDF တပ်ရင်း၊တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စာတည်း-ML