By Ra Wai / MPA
အညာဒေသရှိ ပိုးထိလူနာများကို မြွေဆိပ်ဖြေဆေး ကျပ်သိန်း၅၀၀ကျော်ဖိုး ထိုးပေးကာ အသက်ကယ်နိုင်ခဲ့ကြောင်းS&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဆိုသည်။
၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၁ရက်က စတင်ဖွဲ့စည်းခဲ့သည့် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ယနေ့ (စက်တင်ဘာ ၂၈ရက်) အထိ အညာဒေသ ၇ခုမှ ပိုးထိလူနာ ၁၀၄ဦးကို ဆေးဝါးကုသမှုပေးခဲ့ရာ ၁၀၄ဦးစလုံ၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
” စစ်ရှောင်တွေလည်း ပါသလို ဒေသခံ တောင်သူလယ်သမားတွေလည်း ပါတယ်ဗျ။ အခမဲ့ကုသ ပေးတာပါ။ ပြည်သူလူထု အလှူရှင် တွေက ထောက်ပံ့တာပါ။ NGO ကတော့ တစ်ခါတလေ ကူညီပေးပါတယ်။ အမြဲတမ်းတော့မရှိဘူးပေါ့ ။လူထူက အများဆုံးကူညီတာပါ” ဟု S&C တာဝန်ခံ၊ ကိုစိုးမိုးအောင်က MPA သို့ပြောသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ဒီပဲယင်း၊ ရေဦး၊ ဆားလင်းကြီး၊ တန့်ဆည်၊ ခင်ဦးနှင့် မကွေးတိုင်း၊ ပေါက်မြို့နယ်တို့က ပိုးထိလူနာများကို ဆေးဝါးကုသမှုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” မြို့နယ် တစ်မြို့နယ်မှာတော့ ဆေးခန်းဖွင့်ကုသပေးပါတယ်။ ကျန်တဲ့မြို့နယ်တွေကိုတော့ သက်ဆိုင်ရာ ဆေးခန်းတွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မြွေဆိပ်ဖြေဆေး တစ်လုံးလျှင် တစ်သိန်းကျော်ကုန်ကျစရိတ်ရှိပြီး ပိုးထိလူနာ ၁၀၄ဦးအတွက် စုစုပေါင်း ကျပ်သိန်း ၅၂၀ကုန်ကျခဲ့ကြောင်းသိရသည်။
S&Cမီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့သည် အဖွဲ့အစည်းစတင်မဖွဲ့စည်းခင်ကတည်းက ပရဟိတလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ဖွဲ့စည်းပြီးနောက်လည်း အညာဒေသရှိ မီးဘေး၊ စစ်ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဆေးဝါးကုသမှုများလုပ်ဆောင်ပေးခြင်း၊ နေအိမ်များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် မြေအောက်စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်း တို့ကို ယနေ့ အထိ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
စာတည်း-ML
