ချောင်းဦးမြို့ပေါ်တွင် အမျိုးသမီးများအပါအဝင် ပြည်သူ၁၂ဦးထက်မနည်းကို စစ်တပ် ဖမ်းဆီး

By Nway / MPA

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် အမျိုးသမီးများအပါအဝင် ပြည်သူ ၁၂ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ၂၈ရက်)နံနက်၉နာရီခွဲခန့်တွင် ချောင်းဦးမြို့မရဲစခန်းမှထွက်လာသည့် စစ်သား ၂၀ခန့်သည် ချောင်းဦးမြို့၊ ရန်အောင်မြေရပ် ဇာတ်ရုံကြီးအနီးတွင် ပြည်သူများကို စစ်ဆေးမှုပြုလုပ် ကာ အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးသွားသလို စက်တင်ဘာ ၂၇ရက်၊ မွန်းလွဲ ၂နာရီခန့်ကလည်း ချောင်းဦးမြို့ပေါ်ရပ်ကွက်ဖြစ်သည့် ကုန်းခင်ရပ်၊ မန်းကျည်တောကျောင်းအနီး၌ ပြည်သူ ၁၀ဦးကျော်ကို ဖမ်းဆီးခဲ့ကြောင်း Chaung U Revolution အဖွဲ့ထံက သိရသည်။

” မနေ့က အဖမ်းခံရတာက ကျားဘယ်နှစ်ဦး၊ မ ဘယ်နှစ်ဦးဆိုတာ စုံစမ်းလို့မရသေးဘူး။ ဒီမနက် အဖမ်းခံရတာကတော့ လောလောဆယ် သိရတာက အမျိုးသမီး နှစ်ယောက်ပါ။ ထပ်တိုးတွေလည်း ရှိနိုင်ပါသေးတယ် ” ဟု Chaung U Revolution အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

နှစ်ရက်အတွင်း ဖမ်းဆီးထားသည့် ပြည်သူများကို ချောင်းဦးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

” ရဲစခန်းထဲရောက်ပြီးတော့ ဘာသတင်းမှထပ်မကြားရသေးဘူး ။ ဘာလို့ ဖမ်းလဲဆိုတာတော့ စုံစမ်းဆဲပါ ” ဟု ၎င်းကဆက်လက်ပြောသည်။

ချောင်းဦးမြို့မရဲစခန်းမှ စစ်သားများသည် ‌မြို့ပေါ်တွင် မကြာခဏဆိုသလို ရှောင်တခင်စစ်ဆေးကာ ပြည်သူများအား ဖမ်းဆီးလေ့ရှိသည်။

ချောင်းဦးမြို့လယ်၌ တည်ရှိသည့် ယင်းရဲစခန်းတွင် စစ်သား အင်အား ၁၀၀ ကျော်ရှိကြောင်း သိရသည်။

စာတည်း-ML