ငါ့သား မသေ

By Garcia Ni / MPA (ဆောင်းပါး)

ရဲဘော်သည် ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့လေပြီ။ သို့သော် အလောင်းကားပြန်မရ။

တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးသော စခန်းကုန်းအား အာဏာသိမ်းစစ်ကော်မရှင်ဘက်မှ အင်အားအလုံးအရင်း​ဖြင့် ပြန်လည်စစ်ကြောင်းထိုးဝင်ရောက်လာစဥ် ခုခံတိုက်ခိုက်ရင်း ရဲဘော်သည် ရန်သူ၏ဒရုန်းဗုံးသီးကြောင့် ဗုံးစဦးခေါင်းထိမှန်၍ ကျဆုံးသွားခြင်းဖြစ်ကြောင်း ရှေ့တန်းမှသတင်း​ပေးပို့လာခဲ့သည်။ ရဲဘော်ကျဆုံးချိန်မှာ စက်တင်ဘာ၈ရက်၊ နံနက် ၁၀ နာရီ ၃၅မိနစ်အချိန်ခန့်ဟု ပါရှိလေ၏။

တပ်ဖွဲ့ခေါင်းဆောင်များအနေဖြင့် ရဲဘော်ကျဆုံးသည့်အကြောင်းအား ၎င်း၏မိဘများထံ အသိပေးအကြောင်းကြားရသည်မှာ နာကျင်ကြေကွဲရဆုံးသော အခိုက်အတန့်ဖြစ်ပေလိမ့်မည်။ မည်သို့သော နှလုံးသားမျိုးဖြင့် ပြောထွက်မည်နည်း။

ရဲဘော်သည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အရှေ့ခြမ်းရွာတစ်ရွာမှဖြစ်သည်။ သို့သော် ရဲဘော်ကျဆုံးခဲ့သော ရှေ့တန်းစစ်မြေပြင်မှာ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်တွင်ဖြစ်၏။ မိမိဇာတိရပ်ရွာနှင့် ဝေးကွာလှသော ဤစစ်မြေပြင်သို့ မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ ရဲဘော်ဝင်ရောက်တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ခြင်းဖြစ်လေသည်။

ရဲ​ဘော်ကျဆုံးကြောင်း သတင်းရရှိချိန်တွင် PDF တပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူက တာဝန်ဖြင့်မ​ကွေးတိုင်းအတွင်းသို့ ရောက်ရှိနေခိုက်ဖြစ်သည်။ သို့အတွက် ရဲဘော်၏မိဘများထံ ကိုယ်တိုင်ချက်ချင်းသွားရောက်၍ အသိမပေးနိုင်ခဲ့။ ထို့ကြောင့် ရပ်ရွာအုပ်ချုပ်ရေးမှူးထံမှတဆင့် ရဲဘော်ကျဆုံး​ကြောင်း သတင်းပေးပို့၍ မိမိကိုယ်တိုင်လည်း အရောက်လာခဲ့ပါမည့်အကြောင်း ရဲဘော်၏မိဘများထံ စကားပါးလိုက်ရလေသည်။

အလောင်းပြန်မရသော်လည်း ရဲဘော်၏ဇာတိရွာတွင် ဂုဏ်ပြုဂူဗိမာန် ဆောက်လုပ်ရန်လည်း ညွှန်ကြားထားရသည်။ ရဲဘော်၏နာရေး​ပြုလုပ်ရန်နှင့် အမိန့်ပြန်တမ်းများ ဖတ်ကြားရန်စီစဥ်ရသည်။ သို့သော် အခက်အခဲတစ်ခုကား ရှိနေ၏။

ယင်းမှာ ရဲဘော်၏မိဘဆွေမျိုးများသည် ရဲဘော်ကျဆုံးခြင်းအား လက်မခံကြပေ။ ရဲဘော်သည် ပျောက်ဆုံးနေခြင်းသာဖြစ်ပြီး ၎င်းတို့ထံပြန်လည်ရောက်ရှိလာလိမ့်မည်ဟု အားလုံးကအခိုင်အမာယုံကြည်နေကြ၏။ ထို့​ကြောင့် ရဲဘော်၏ဂူဗိမာန်ပြုလုပ်ခြင်းကိုလည်း ခွင့်မပြုကြ။ ရဲဘော်ကျဆုံးကြောင်း အတည်ပြုဓာတ်ပုံ သို့မဟုတ် အရိုးပြာရမှသာလျှင် ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုကြလေသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှာ မည်သို့စီစဥ်ဆောင်ရွက်ရမည်မသိ။ ထို့ကြောင့် PDF တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ရောက်ရှိမှသာလျှင် ရဲဘော်၏မိဘများထံ အကျိုးအကြောင်းရှင်းပြ၍ ဂူဗိမာန်ပြုလုပ်ရပေတော့မည်။

အဆိုပါခေါင်းဆောင်သည် တာဝန်ကျရောက်ရှိနေသည့် မကွေးတိုင်းအတွင်းမှ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရဲဘော်၏ဇာတိရွာသို့ စစ်ကြောင်းများကြားမှ စက်တင်ဘာ(၁၀)ရက်နေ့တွင် ရောက်ရှိလာသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် ရပ်ရွာလူကြီးများ၊ နီးစပ်ရာတော်လှန်ရေးရဲဘော်များရောက်ရှိနေပြီး သက်ပျောက်ဆွမ်းကပ်နိုင်ရန်အတွက် ထမင်း၊ဟင်းချက်သူက ချက်နေကြသည်။

ရဲဘော်ကျဆုံးမှုအပေါ် လမ်းတလျှောက်ပူဆွေးနေခဲ့ရသော PDF ခေါင်းဆောင်သည် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား မြင်တွေ့ရသောအခါ မျက်ရည်များအလိုလိုစီးကျ၍ ငိုကြွေးမိတော့သည်။ ရဲဘော်အား တူသားသဖွယ်ချစ်ခင်ကြဟန်ရှိသော အမျိုးသမီးကြီးများမှာလည်း ဆို့တက်လာသော မျက်ရည်များကိုသုတ်၍ အလျှိုလျှိုလှည့်ထွက်သွားကြလေသည်။

ငို​ကြွေးပူဆွေးနေသော ခေါင်းဆောင်အား ရပ်မိရပ်ဖများနှင့် တော်လှန်ရေးရဲဘော်များကထိန်း၍ ရဲဘော်၏မိဘများအိမ်သို့ သွားရောက်နိုင်ရန်အတွက် အားတင်းထားရန် ဖျောင်းဖျသတိပေးကြသည်။ ယင်းနောက် အုပ်ချုပ်ရေးမှူးအိမ်မှ တဆင့် ရဲဘော်၏မိဘများအိမ်သို့ အုပ်ချုပ်ရေးမှူးကဦးဆောင်လျက် ရဲဘော်ရဲဘက်များနှင့်အတူသွားကြသည်။

ရဲဘော်၏အိမ်မှာ တစ်ထပ်တိုက်ပုကလေးဖြစ်သည်။ အိမ်ရှေ့ခေါင်းရင်းတွင် ကနားဖျင်းခပ်သေးသေးတစ်ခုထိုးထားပြီး ထိုကနားဖျင်းလေးအောက်တွင် ကလေးနှင့်လူရွယ်အမျိုးသမီးလေးများ ထိုင်နေကြသည်။ အိမ်ရှေ့မျက်နှာစာရှိ တန်းလျားခုံတွင်မူ ရဲဘော်၏အမေနှင့် အဒေါ်များထိုင်နေကြပြီး စုစုပေါင်းဆယ်ဦးခန့်ရှိနေသည်။

PDF ခေါင်းဆောင်တို့ အိမ်အတွင်းဝင်လာသောအခါ အသက်၆၀အရွယ်ခန့်ရှိသော အမေ့မျက်လုံးများသည် တောက်ပလာသည်။ ယင်းနောက် မတ်တပ်ရပ်၍ ခေါင်းဆောင်၏ လက်ကိုကိုင်ကာ ” ငါ့သားက မသေဘူးတဲ့ဟဲ့။ ငါ့သားက မသေဘူးတဲ့။ ပျောက်နေတာတဲ့။ ပြန်လာမှာလို့ပြောတယ်။ ငါ ဗေဒင်ဆရာသုံးယောက်တောင်မေးထားတာ”ဟူ၍ ခရီးဦးမဆိုက် ဆီးကြို၍ပြောလိုက်သည်။ ထိုအခါ ကိုလင်းနွေမှာ မျက်ရည်များအလိုလိုစီးကျလာပြီး အမေ့အားဖက်၍ ငိုမိတော့သည်။ “အရီးရယ် ကျနော်သာ သေလိုက်ချင်ပါတယ်”ဟုလည်း ပါးစပ်မှတတွတ်တွတ်ပြောဆိုနေ၏။ သို့သော်အမေကား မငို၊ မျက်ရည်တစက်ပင်မကျ။

အားလုံးက စိတ်ကိုတည်တည်ငြိမ်ငြိမ်ထား၍ အေးအေးဆေးဆေးရှင်းပြရန် ပြောဆိုကြသည်။ အမေသည် တန်းလျားခုံပေါ်တွင် ပြန်ထိုင်၍ ယင်းမာပင်မြို့နယ်သပိတ်ကော်မတီမှ ကိုလွမ်းသူဖတ်ပြနေသော ရှေ့တန်းမှရဲဘော်ကျဆုံးကြောင်း သတင်းပေးပို့ချက်ကို မလှုပ်မယှက် နားထောင်နေသည်။ ခေါင်းဆောင်မှာမူ မျက်ရည်များဖြင့် အားလုံးကိုရှင်းပြရန် ကြိုးစားလျက်ရှိ၏။

လူများသည် တဖြည်းဖြည်း အုံ၍လာသည်။ ရှေ့တန်းမှသတင်းပေးပို့ချက်ကို ဖတ်ပြနေသော ကိုလွမ်းသူအား အမေသည်လှည့်၍ပင်မကြည့်။ စကားလည်းမပြော။ မျက်နှာတူရူသို့သာ မျက်နှာသေကြီးဖြင့် ငေးစိုက်ကြည့်လျက်ရှိသည်။

ဘေးတွင်ဝိုင်း၍နားထောင်နေသော ရဲဘော်၏အဒေါ်များသည် ကိုလွမ်းသူအား သတင်းပေးပို့ချက်ကို အားလုံးကြားသိနိုင်စေရန် အသံကျယ်ကျယ်ဖြင့်ဖတ်ပြရန် တယောက်တပေါက်ပြောဆိုကြသည်။ အချို့ကမူ ကျဆုံးသွားသူမှာ ရဲဘော်နှင့် နာမည်တူသူတယောက် ဖြစ်နိုင်ကြောင်းပြောဆိုကြသည်။ ခေါင်းဆောင်က ရဲဘော်၏နာမည်နှင့်ကိုယ်ပိုင်နံပါတ်ရောမှာ သူသာလျှင်ဖြစ်ကြောင်း အဒေါ်ကြီးများအား ရှင်းပြ၏။ သို့သော် အားလုံးက မယုံကြည်ကြ။ ထိုအခိုက် အမေသည် လူအုပ်ကြားမှထွက်၍ အိမ်နောက်ဖေးသို့ဝင်ရောက်သွားလေတော့သည်။

” ငါတို့ကတော့ မယုံဘူးအေ။ သေပြီဆို ငါတို့တူဖုန်းက ဘာလို့ခေါ်လို့ရနေသေးလဲ။ ဗုံးကျလို့ လူတစ်ယောက်လုံးမှ အလောင်းမရဘူးဆိုလည်း ဖုန်းရောအကုန်ကြေမွသွားမှာပေါ့ “

အားလုံးက ဖြစ်နိုင်သမျှ မျှော်လင့်ချက်ကောက်ရိုးမျှင်လေးကို ဆွဲကိုင်၍ ပြောဆိုနေကြသည်။ ဟုတ်သည် ရဲဘော်၏ ဖုန်းမှာ ကိုင်မည့်သူမရှိသော်လည်း ဆက်၍ရနေသေးသည်။ ထို့ကြောင့်ပင် ရဲဘော်ကျဆုံးသွားသည်ကို လက်မခံနိုင်ဘဲ ဗေဒင်ဆရာတစ်ယောက်ပြီးတစ်ယောက် မေးကြည့်ကြသည်။ ဗေဒင်ဆရာအားလုံး၏ ဟောချက်များမှာလည်း ရဲဘော်သည်မသေဆုံးသေးဘဲ ပျောက်ဆုံးနေခြင်းသာဖြစ်ကြောင်းနှင့် ပြန်ရောက်လာမည်ဖြစ်ကြောင်း ဟောချက်တူနေသောအခါ အားလုံး၏မျှော်လင့်ချက်မှာ ပြန်လည်ရှင်သန်လာကြသည်။

ခက်သည်ကား ရဲဘော်ကျဆုံးကြောင်းကို သတင်းပေးပို့ချက်တစ်ခုမှတပါး သက်သေပြစရာ ခေါင်းဆောင်တွင်မရှိ။ စစ်၏သဘောတရားနှင့် အခြေအနေများကို ရှင်းပြသော်လည်း ရဲ​ဘော်၏​ဆွေမျိုးများဖြစ်သော အညာသူမကြီးများမှာ နားမလည်ကြ။ ၎င်းတို့၏တူ ပြန်ရောက်လာမည်ဟူသော မျှော်လင့်ချက်ကိုသာ ဆုပ်ကိုင်ထားကြသည်။

မတတ်သာသည့်အဆုံး PDF ခေါင်းဆောင်၊ ကိုလွမ်းသူနှင့် တော်လှန်ရေးရဲဘော်များသည် ရဲဘော်၏အိမ်မှပြန်လည်ထွက်ခွာလာခဲ့ကြသည်။ ရဲဘော်၏ဂုဏ်ပြုဂူဗိမာန်တွင်လည်း ရဲဘော်၏ဓာတ်ပုံနှင့်အမည်အား ရေးထိုးခွင့်မရ။ စခန်းသို့ပြန်၍ ရဲဘော်၏နာရေးနှင့်အမိန့်ပြန်တမ်းဖတ်ကြားခြင်း အစီစဥ်ကို အကျဥ်းချုံး၍ လုပ်လိုက်ရလေသည်။

PDF ခေါင်းဆောင်တို့ ရဲဘော်အိမ်မှပြန်ထွက်လာသည်အထိ ရဲဘော့်အဒေါ်များ၏မျက်လုံးအိမ်တွင် မျက်ရည်ငွေ့သမ်းသွားသည်များကို တဒင်္ဂတွေ့ရှိရသော်လည်း အမေ့ထံတွင်မူ မျက်ရည်ငွေ့မတွေ့ရ။ မည်သို့ပင်ဖြစ်စေ သူ့သားပြန်လာမည်ဟူသော ဗေဒင်ဆရာများ၏ ဟောကြားချက်သည် သူ့ရင်ထဲမှမျှော်လင့်ချက်ကို တငွေ့ငွေ့တောက်လောင်နေစေလိမ့်မည်ဟု ထင်ပါသည်။

သြော် မြန်မာပြည်တွင် ပြန်မလာတော့မည့်သားများကို မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းနေသည့်အမေများ ဘယ်လောက်များရှိနေပြီလဲ။

စာတည်း-ကိုဆန်း