By Chun Nrein / MPA
အာရက္ခတပ်တော် သိမ်းယူထားသည့် ရခိုင်ပြည်နယ် တောင်ပိုင်း၌ စစ်ကော်မရှင်က မဲဆန္ဒနယ်ထပ်တိုးနိုင်ရန်အတွက် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် အမ်းမြို့တို့ကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူကာ ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင်လည်း ရေးသားဖြန့်ဝေနေကြသည်ကို တွေ့ရသည်။
“ရွေးကောက်ပွဲ လုပ်ဖို့အတွက် သံတွဲ၊ တောင်ကုတ်၊ ဂွ တကြောကို ပြန်သိမ်းမယ်လို့ သတင်းတွေ ကြားနေရတာကြာပြီ၊ အခုက အမတ်ဦးရေက ပြည့်မီပေမယ့် ရခိုင်မှာ မဲဆန္ဒနယ် နည်းနေတာလေ။ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့မှာ လုပ်လို့ တစ်ပြည်နယ်လုံးလွှမ်းခြုံနိုင်တာမဟုတ်တော့ သိမ်းယူပြီး ရွေးကောက်ပွဲ လာလုပ်မှာပေ့ါ”ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် လွှတ်တော် သုံးရပ်နှင့် မဲဆန္ဒနယ် ၁၂၁ခုအတွင်း ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး စသည့် မြို့နယ်များသာ ပါဝင်သည်။
သို့သော် AAထိန်းချုပ်ထားသည့် သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် အမ်းမြို့တို့ကိုတော့ စစ်ကော်မရှင်က ရွေးကောက်ပွဲ မလုပ်နိုင်သည့် ဒေသအတွင်း ထည့်သွင်းထားခြင်းမရှိပေ။
ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် အပြည့်အဝရွေးကောက်ပွဲမလုပ်နိုင်သော စစ်ကော်မရှင်သည် ၎င်းတို့ ထိန်းချုပ်ထားသော မြို့နယ်များတွင် ရွေးကောက်ပွဲ လုပ်နိုင်ရေးအတွက် ကြိုးစားနေသလို ရွေးကောက်ပွဲဖြစ်လာပါကလည်း စစ်ရေးအခြေနေ ပိုပြင်းထန်လာနိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ယခုတစ်ပတ်အတွင်း စစ်ကော်မရှင်သည် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ AAသိမ်းယူထားသော တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အပြင် စက်တင်ဘာ ၂၀ရက်ကလည်း ကျောက်တော်မြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
“သံတွဲ၊ တောင်ကုတ်၊ ဂွတို့ဆိုတာ မြေပြင်မှာ စစ်နိုင်ထားတယ်ဆိုပေမဲ့ သူတို့(စကမ)က လေယာဉ်ရှိနေတာဆိုတော့ တစ်ပန်းသာနေတာ၊ ကျတော်တို့အနေနဲ့က သတိထားပြီး နေရဖို့ဖြစ်နေတာ၊ ဆုံးရှုံးထားတဲ့ နယ်မြေဖြစ်တာဆိုတော့ မစားရတဲ့ အမဲ သဲနဲ့ ပတ်တာမျိုးကို လုပ်နတာပဲ။ ဒီကာလမှာက သူအပိုင်ရပြီ ငါအပိုင်ရပြီလို့ ပြောလို့ မရတာဖြစ်တာဆိုတော့ ကျတော်တို့က သတိကြီးကြီး ထားနေရမှာပေါ့”ဟု သံတွဲ ဒေသခံ အသက်၄၀အရွယ် အမျိုးသား တစ်ဦးက ပြောသည်။
စစ်ကော်မရှင်ဟာ ၎င်းတို့ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် သုံးခုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး မဲပေးနည်းသင်တန်းများ လုပ်ဆောင်နေကြောင်းနှင့်ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဆိုင်းဘုတ်များ စိုက်ထူနေကြောင်း သိရသည်။
စာတည်း-ကိုဆန်း
