28 Sep 2025 By Ra Hu/ MPA
ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ပြည်သူများနေထိုင်ရာ ရပ်ကွက်ပေါ်သို့ စစ်ကော်မရှင်တပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး အာရက္ခတပ်တော်(AA) စခန်းချရာ နေရာဟု စစ်လော်ဘီများက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
MT News- Myanmar Transparency တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၂၈ရက် နံနက် ၁၁နာရီ ကျော်တွင် ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့ရှိ AA စခန်းချရာနေရာများသို့ စစ်တပ်က ယမန်နေ့ည(စက်တင် ဘာ ၂၇ရက်) ည ၈ နာရီကျော်အချိန်၌ လေကြောင့်ဖြင့် ထပ်မံရှင်းလင်းခဲ့သည်ဟု ဗုံးကြဲခံရပြီးနောက် နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးနေမှုအား ရိုက်ကူးထားသော ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။
မူရင်း သတင်းအမှားလင့်ခ် – https://bitly.cx/bmof
Archive လင့်ခ် – https://archive.ph/ixp2B
သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်၍ စစ်တပ်ဝါဒဖြန့်နေသော MT News က ဖြန့်ဝေထားသော အကြောင်း အရာကို အခြားသော စစ်တပ်လော်ဘီများစွာက ကူးယူဖြန့်ဝေကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။
သတင်းအမှားလင့်ခ်များ
Thazin Oo – https://archive.ph/6PHma
Snow Queen – https://archive.ph/nwhxg
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA ကအချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြစိစစ်ချက်
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေရာ ရွှေဖီမြေနှင့် Ayeyarwaddy Times သတင်းဌာနက ဖော်ပြထားသော သတင်းဓာတ်ပုံများနှင့် တူညီနေသည်။
အဆိုပါ သတင်းဌာနနှစ်ခုတွင် ရခိုင်ပြည် သံတွဲမြို့ ညောင်ပင်ဈေးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြ ထားကြသည်။
သတင်းလင့်ခ်
ရွှေဖီမြေ – https://bitly.cx/XgJ9
Ayeyarwaddy Times – https://bitly.cx/cm2M
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “သံတွဲမြို့ ညောင်ပင်ဈေးရပ်ကွက် ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ Western News , Narinjara , BBC , DVB သတင်းဌာနတို့က သတင်းရေးသားထားကြသည်။
သတင်းမီဒီယာများတွင် အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်၊ သံတွဲမြို့ကို စစ် ကောင်စီ လေကြောင်းက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး အသက် ၆နှစ်နှင့် ၁၄နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊
သေဆုံးသူသည် ဦးညီညီ ဖြစ်ပြီး မိသားစုဝင်များဖြစ်သော အသက် ၆ နှစ်အရွယ် မောင်သန့်ဇင်ဖြိုး၊ ၁၄ နှစ်အရွယ် မောင်အောင်သီဟစိုး၊ ဒေါ်ခင်ခင်ဌေး၊ ဒေါ်ခင်ထွေးနှင့် ဦးထွန်းနိုင်မင်းတို့ ဒဏ်ရာရရှိခဲ့ကြောင်း ရေး သားထားကြသည်။
သတင်းလင့်ခ်များ
Western News – https://bitly.cx/t41L
Narinjara – https://bitly.cx/v6Zn
BBC – https://bitly.cx/ES842
DVB – https://bitly.cx/vp53
သုံးသပ်ချက်
ဗုံးကြဲခံရပြီးနောက် ရိုက်ကူးထားသော ဓာတ်ပုံကို အချက်အလက်စစ်ဆေးခြင်းနှင့် သတင်းမီဒီယာများ၏ သတင်းများအရ သံတွဲမြို့ရှိ လူနေရပ်ကွက်ပေါ်သို့ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိနိုင်သည်။
ထို့ကြောင့် စစ်တပ်လော်ဘီများက သံတွဲမြို့ရှိ AA စခန်းရာနေရာသို့ ဗုံးကြဲရှင်းလင်းဟု ဖြန့်ဝေ ထားခြင်းသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
