By Moe Nya / MPA
ကရင်နယ်ခြားစောင့်တပ်(BGF)က ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြိုင်ဒေသတွင်း ၎င်းတပ်သားများအပြင် စစ်ကော်မရှင်နှင့် အဆင်ပြေသည့် DKBA ၊ KNU(PC) တပ်ဖွဲ့များကို FPV( First-Person View) ဒရုန်းသင်တန်းပေးနေကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ သင်တန်းကို BGF ခေါင်းဆောင် ဗိုလ်မှူးစောတင်ဝင်းက ဦးစီးသင်ကြားပေးနေခြင်းဖြစ်ကာ စစ်တပ်ကိုထောက်ခံနေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များမှ ဒရုန်းပညာကိုသင်ယူလိုသူများကို ဦးစားပေးခေါ်ယူနေကြောင်း သိရသည်။
“BGF တပ်သားတွေ အများစုပါတယ်။ DKBA နဲ့ PC အဖွဲ့က လူအချို့လဲပါတယ်။ သင်တန်းသား ၁၀၀လောက်ရှိမယ်။ ဒရုန်းသင်တန်းကို စနစ်တကျ သေချာသင်ပေးနေတာ၊ ရဲဘော်တွေက VR မျက်မှန်လိုဟာမျိုးနဲ့ သေချာလေ့ကျင့်ပေးနေတာပါ” ဟု အဆိုပါသင်တန်းကို တက်ရောက်နေသည့် BGF ရဲဘော်တစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် -BGF/ကရင်အမျိုးသားတပ်မတော် -KNA ၏ အမှတ် (၂) စစ်ဒေသမှ ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် ၁၉/၂၀၂၅ မှ တပ်သားသစ် ၅၂၀ သင်တန်းဆင်းပေးခဲ့ပြီး အဆိုပါ သင်တန်းမှ တပ်သားအချို့သည် ဒရုန်းသင်တန်းကို ဆက်လက်တက်ရောက်နေရကြောင်း သိရသည်။
စစ်သင်တန်းသည် သုံးလကြာမြင့်ခဲ့ပြီး တပ်သားသစ်များကို BGF/KNA က လက်နက်များတပ်ဆင်ပေးခဲ့ပြီး သင်တန်းအတွင်း အခြေခံစစ်ပညာ၊ လက်နက်ကြီး၊ လက်နက်ငယ်နှင့် စနိုက်ပါပစ်ခတ်နည်းများကိုပါ သင်ကြားပေးခဲ့သည်ဟု BGF သတင်းရင်းမြစ်ကပြောသည်။
“ FPV ဒရုန်းသင်တန်းပေးနေတယ်လို့ကြားတယ်။ FPV ဒရုန်းတွေအများကြီးစုဆောင်းထားတာလို့လဲသိထားတယ်။ ဒါတွေက စကစကိုချဖို့သုံးမှာလား ဘယ်အတွက်သုံးဖို့လဲဆိုတော့ စိတ်ဝင်စားဖို့ကောင်းပါတယ် ” ဟု ကရင်ပြည်နယ်အတွင်း စစ်ကော်မရှင်ကို တွန်းလှန်နေသည့် ရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိ BGF/KNA သည် ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့တွင် တပ်သားသစ် စုဆောင်းခြင်း၊ စစ်သင်တန်းပေးခြင်းတို့ကို ပိုမိုပြုလုပ်လာသည့်အပြင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအတွက် စည်းရုံးရေးများကိုပါ ကူညီပေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းက BGF သည် တပ်သားအင်အား ထောင်ဂဏန်းသာရှိသော်လည်း ဘားအံ၊ ကော့ကရိတ်နှင့် မြ၀တီမြို့နယ်တို့တွင် တပ်သားသစ်များ စုဆောင်းခဲ့မှုကြောင့် လက်ရှိအချိန်တွင် အင်အား သောင်းဂဏန်းအထိရှိလာကြောင်း စစ်ရေးလေ့လာသူများက ခန့်မှန်းထားသည်။
စာတည်း-ကိုဆန်း
