PDF တွေကို စစ်သားထင်သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

By Nway / MPA

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF တွေကို စစ်သားထင်သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့(စက်တင်ဘာ ၂၇ရက်) ၊ နေ့လယ် ၁၂နာရီ ၁၅မိနစတွင် အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းရွာ ရာအိမ်မှူးမြင့်အောင် နေအိမ်တွင် သေနတ်ဖြင့် ၄ချက်ပစ်ခတ်ခဲ့ရာ ရင်ဘတ် ၃ချက်ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Tiger အဖွဲ့ကသတင်းထုတ်ပြန်သည်။

” သူကထိုင်နေတာ အိမ်ထဲမှာ။ အိမ်ထဲဝင်သွားတော့ ကျတော်တို့ရဲဘော်တွေကို ဆရာတို့ထိုင်ပါဦး၊ လက်ဖက်ရည်ကြမ်းသောက်ပါဦး၊ လက်ဖက်သုတ်ဦးမယ်ပြောပြီး ထရော။ သေနတ်နဲ့၄ချက်ပစ်တာ ၃ချက်ပဲထွက်ပြီး တစ်ချက်က ကျည်အသွားတယ်။ ရဲဘော်တွေကိုစခတွေထင်လို့ ဆရာတို့က ဘယ်တပ်စိပ်ကလို့လည်း မေးသေးတယ်” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Tigerအဖွဲ့ ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။

ပစ်ခတ်ခံရပြီးနောက် ၎င်း၏ရုပ်အလောင်းကို စစ်တပ်က လာရောက်ကောက်ယူခြင်းရှိ၊ မရှိ မသိရကြောင်း ၎င်းကပြောသည်။

ယခု ရှင်းလင်းခံရသည့် ရာအိမ်မှူးသည် ရှမ်းကုန်းရွာနှင့် မိုင်ဝက်အကွာရှိ ခမရ ၆တပ်ရင်းမှ စစ်သားများနှင့် ပေါင်းကာ ရွာအတွင်း စစ်မှုထမ်းကြေးကောက်ပြီး တစ်ဝက်စီ ခွဲယူမှုများပြုလုပ်နေသူလည်းဖြစ်သည်။

” အဲ့အိမ်နဲ့မိုင်ဝက်လောက်ပဲဝေးတဲ့နေရာမှာ ခမရ(၆)စစ်တပ်ရှိတယ်။ အဲ့ရွာ (ရှမ်းကုန်း)မှာ ကောက်တာ။ စစ်တပ်ကသူ့ကိုတစ်ဝက်ပေးတယ်။ ကောက်ရတဲ့ငွေတစ်ဝက်ကို” ဟု ၎င်းကပြောသည်။

တစ်အိမ်ကို တစ်လလျှင် စစ်မှုထမ်းကြေး ဘယ်လောက်ကောက်သည်ကိုမူ အသေးစိတ်မသိ‌ရှိကြောင်း ၎င်းကပြောသည်။

ယင်းရာအိမ်မှူးသည် စစ်မှုထမ်းကြေး မပေးသူများအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Tigerအဖွဲ့က ထုတ်ပြန်ထားသည်။

အုတ်ဖိုမြို့နယ်အတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက်စစ်အုပ်စုအပြင် ၎င်းတို့၏ ထောက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Tigerအဖွဲ့က အသိပေးထားသည်။

စာတည်း-ML