မြိတ် NLD ကိုယ်စားလှယ်ဟောင်း၏ အကိုဖြစ်သူကို ဖမ်းဆီးခဲ့သည့် ဒုရဲအုပ် မောင်ကိုကို တံတားပြိုကျမှုအတွင်း ပွဲချင်းသေဆုံး

ဓာတ်ပုံ- southern voice
ပုံစာ- ဒုရဲအုပ် မောင်ကိုကို

By Min AB / MPA

မြိတ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း၏ အကိုဖြစ်သူကို ဦးဆောင်ဖမ်းဆီးခဲ့သည့် ဒုရဲအုပ် မောင်ကိုကို ဘုတ်ပြင်းမြို့နယ်ထဲရှိ တံတားဟောင်းပြိုကျမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဖြစ်စဉ်ကို သိရှိထားသူများထံမှ စုံစမ်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက် ည ၇ နာရီခန့်က ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာ တံတားဟောင်းပြိုကျခဲ့ပြီး ယင်းတံတားပေါ်တွင် ရပ်နေသည့် ဒုရဲအုပ်မောင်ကိုကိုနှင့်အတူ လှေလုပ်သားအမျိုးသားတစ်ဦးတို့ တံတားနှင့်အတူ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

တံတားပြိုကျမှုကြောင့် ဒုရဲအုပ်မောင်ကိုကိုသည် တံတားဘောင်နှင့် ရိုက်မိပြီး ဦးခေါင်းကွဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်းသိရသည်။

၎င်းနှင့်အတူ ပြုတ်ကျခဲ့သည့်အမျိုးသားသည် ထိခိုက်ဒဏ်ရာတချို့ ရရှိခဲ့သော်လည်း သေဆုံးခဲ့ခြင်း မရှိပေ။

“တံတားမပြိုခင် သူက လူတစ်ယောက်ကို ကျောပိုးအိတ်လှမ်းပေး ပြီးပြီချင်းမှာပဲ တံတားက ပြိုကျသွားတာ၊ အဲဒီမှာ ရပ်နေတဲ့သူတွေထဲက ၂ ယောက်ကျသွားတယ်၊ အဲဒီဒုရဲအုပ်က အုတ်နံရံဘောင်နဲ့ ရိုက်မိပြီး တခါတည်း သေသွားတာပဲ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဒေသခံအမျိုးသားတစ်ဦးက MPA ကို ပြောသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် မောင်ကိုကိုသည် မြိတ်မြို့ရှိ ဇနီးဖြစ်သူထံ ပြန်လာချိန် ယခုကဲ့သို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒုရဲအုပ်မောင်ကိုကိုသည် တော်လှန်ရေးနှင့်ပတ်သက်သည့်သူများ ဦးဆောင်ဖမ်းဆီးမှုတွင် အဓိကပါဝင်သူ တစ်ဦးဖြစ်ပြီး ဒေသခံများကို အကြောင်းပြချက်မရှိ ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေသူတစ်ဦးအဖြစ် နာမည်ကြီး နေသူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က မြိတ်မြို့နယ် NLD အမျိုးသားလွတ်တော်ကိုယ်စားဟောင်း ဦးမင်းဇော်တင့်၏ အကိုအရင်းဖြစ်သူ ဦးတင်သန်းဦးကို PDF များကို ငွေကြေးထောက်ပံ့ခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များကိုသတင်းပေးသူ ဟု စွပ်စွဲပြီး ဦးဆောင်ဖမ်းဆီးခဲ့သူဖြစ်ကြောင်း MPA လက်ခံရရှိထားသည့် ရဲကြေးနန်းစာတွင် ရေးသားထားသည်။

“ဒီလူက(မောင်ကိုကို) အရပ်သားတွေကို မူးယစ်ဆေးရောင်းတယ် ပြောပြီး ဖမ်း၊ ပြီးရင် ပိုက်ဆံတောင်းနဲ့ ငွေညှစ်တာပေါ့၊ အချို့ဆို ဘယ်အဖွဲ့နဲ့မှ ပတ်သက်မှု မရှိဘူး၊ ဖမ်းပြီး ငွေတောင်းခဲ့တာ၊ သူလုပ်တဲ့ ကံက ပြန်ပြီး အကျိုးပေးတာပဲ အခုတော့ သူခံရတာပဲ၊ ပြည်သူ့ကျိန်စာမိတာ” ဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။

ဒုရဲအုပ် မောင်ကိုကို ဖမ်းဆီးခဲ့သည့် ဦးတင်သန်းဦးသည် ဖမ်းဆီးခံရပြီး ဆယ်ရက်အကြာ စစ်အုပ်စု၏စစ်ကြောရေးတွင် သေဆုံးရခဲ့သည်။

စာတည်း-ကိုဆန်း