မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူရွာထဲရှိ စစ်အုပ်စုဝင်များကို အလစ်ချောင်း ဝင်ပစ်ခတ်ခဲ့ရာ ၃ဦးထက်မနည်းသေဆုံးကာ သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၂၈ရက်၊ မွန်းလွဲ ၂နာရီခန့်တွင် တွင်းမပျူရွာတောင်ဘက်ခြမ်းတွင် ကင်းထွက်လာသည့် စစ်အုပ်စုဝင်များကို အလစ်ဝင်၍ ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ကသတင်းထုတ်ပြန်သည်။
” ခုထိတွေ့မှုဖြစ်တဲ့နေရာမှာ မိုင်းကွဲထားတယ် အဲ့မနက်ပိုင်းက။ အဲ့ဒါကို လာစစ်ဖို့လည်း ဖြစ်နိုင်တယ်။ ပထမတော့ ၁၀ယောက်လောက်ပဲ ရှိမှာပါ။ နောက်မှ ထပ်ထွက်လာတာဗျ။ ကျနော်တို့က အရင်ပစ်ရတာပါ။ ပြီးမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာဗျ။ ကျတော်တို့ မျက်မြင်တော့ နှစ်ယောက် မှောက်သွားတယ်ပေါ့နော်။ ခန့်မှန်းခြေ သုံးယောက်ထက်မနည်း ကျနိုင်ပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက MPA သို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် MA 1 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးသွားသည့် အလောင်းများအား ပျူရွာအတွင်းသို့ သယ်ဆောင်သွားကြောင်းသိရသည်။
” ကျနော်တို့ တပ်ခေါက်ပြီးလို့ တော်တော်ကြာမှ ထမ်းစင်တွေနဲ့ လာသယ်သွားတာဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ပစ်ခတ်မှုဖြစ်သည့်နေရာသည် စစ်အုပ်စုဝင်များအထိုင်ချထားသည့် စာသင်ကျောင်းနှင့် မီတာ ၃၀၀ကျော်သာ ဝေးကြောင်းသိရသည်။
တွင်းမပျူရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် စစ်သားနှင့်ပျူ အင်အား ၁၀၀ကျော်ရှိကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ တပ်ခွဲ၁ ၊ တပ်ခွဲ ၂ ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC ၊ ကမ္မတပ်ပေါင်းစု နှင့် 8+ တပ်ပေါင်းစုတို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
