တရားမဝင် အာဏာသိမ်း စစ်အုပ်စုသည် အန္တရာယ် ဖြစ်စေနိုင်သည့် နျူကလီးယား လက်နက်ပိုင် ဆိုင်မှု ရည်မှန်းချက် ကို ဆက်လက် လုပ်ဆောင်နေ ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂရင်ပြင်၌ ပြောကြားလိုက်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေး နေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက် တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သလို စစ်အုပ်စုသည်ငြိမ်းချမ်းစွာ အရပ်ဘက်အသုံးပြုရန် ဟု အမည်တပ်၍ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတစ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်လာနေကြောင်းလည်း ဆိုသည်။
“နျူကလီးယားဆိုတာ ငါးသလောက်ပေါင်းတာလောက် လက်ဖက်သုတ်တာလောက် တတ်ရုံနဲ့ မရ ဘူးဆိုတာ မင်းအောင်လှိုင် မသိဘူးဗျ။ နျူကလီးယား ဆိုတာကို စာလုံးပေါင်းတောင်မမှန်သေးတဲ့ စစ် ဗိုလ်ချုပ်တွေက ပိုင်ဆိုင်ချင်တယ်ဆိုတာ အရပ်ဘက်သုံး လုပ်တယ်ဆိုဦးတော့ ဒေသတွင်းနိုင်ငံတွေ အတွက် အန္တရာယ်ရှိနိုင်တယ်လေ။ပြီးတော့ မအလ သာ နျူကလီးယားလက်နက်ပိုင်ခဲ့ရင် သူ့ပထွေး တရုတ်ကိုပါ ခြိမ်းခြောက်တော့မှာ သေချာတယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
မြန်မာနိုင်ငံကို အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲသို့ တွန်းချခဲ့သော စစ်အုပ်စုသည် ငြိမ်းချမ်းသော အရပ်ဘက်အသုံးပြုမှု အတွက် နျူကလီးယား နည်းပညာကို အသုံးပြုလိမ့်မည် မဟုတ်ကြောင်းလည်း သံအမတ်ကြီးက ထပ် လောင်းပြောသည်။
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းအတွက် နိုင်ငံတကာက ပံ့ပိုး ကူညီမှု တစ်စုံ တစ်ရာ ပေးအပ်ခြင်းသည် စစ်အုပ်စု၏ အန္တရာယ်ကြီးမားသော နျူကလီးယား ရည်မှန်းချက် ကို ပြည့်မီစေရေး အတွက် အဆင့်တစ်ဆင့် နီးကပ်သွားစေမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ် ဆုံးရှုံးမှုများကို တားဆီးပေးနိုင်ရေးအတွက် တရားမဝင် အာဏာသိမ်း စစ်အုပ်စုသို့ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ နှင့် အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ စီးဆင်း ထောက်ပံ့မှု များကို ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးအား ထပ်မံ လေးနက်စွာ တိုက်တွန်း မေတ္တာရပ်ခံကြောင်း သံအမတ်ကြီးက ဆိုသည်။
စက်တင်ဘာ၂၄ရက်က မော်စကိုသို့ထွက်ခွာသွားသော မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၌ ခရီးတစ်ထောက်နားစဉ် နိုဗာစီဗစ်မြို့ တာဝန်ရှိသူများအား မင်းအောင်လှိုင်က ငါးသ လောက်ပေါင်း၊လက်ဖက်ရည်နှင့် လက်ဖက်သုတ်တို့ဖြင့် တည်ခင်းခဲ့သည်။
