တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ရွာမီးရှို့ကာ ပြည်သူ ၁၀ ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။
ပလမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် စက်တင်ဘာ ၂၈ ရက် နံနက်မှစတင်၍ မင်းပြင်ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၈ ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် မင်းပြင်ရွာမှ နေအိမ်များအား မီးရှို့သွားကာ ယနေ့(စက်တင်ဘာ ၂၉ရက်) နံနက်အထိ တိုက်ပွဲဖြစ်ပွားနေသေးကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးထံက သိရသည်။
“ခုမနက် ပွဲ ထပ် ကနေတယ်။ မနေ့ မနက်တည်းက ပစ်ခတ်မှုဖြစ်နေတယ်။ခွေးတွေက ပလမြို့ထဲက ထွက်လာတာပါ။ပလမြို့ထဲကိုတော့ ရေလမ်းကနေ စစ်အင်အားတိုးတာ။ညနေပိုင်းကျ စစ်အင်အား တိုးပြီး ပြန်တက်လာတယ်။မင်းပြင် အိမ်တွေကိုမီးရှို့သွားတယ်။အရေအတွက်ကတော့ အတိအကျ မသိနိုင်သေးဘူး”ဟု ၎င်းက MPA သို့ပြောသည်။
ယင်းသို့ မီးရှို့ပြီးနောက် မင်းပြင်ရွာမှ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားကြောင်းလည်း သိရသည်။
“ရွာသားတွေ တချို့တလေက အိမ်မှာ ခိုးကြောင်ခိုးဝှက်ပြန်နေတာတွေရှိတယ်။အဲ့ဒီကနေ ခွေးနဲ့တိုးပြီး အဖမ်းခံရတာ ပြန်မလွတ်သေးဘူး။သူတို့ဘယ်ခေါ်သွားတယ်၊ ဘာလုပ်လိုက်တယ် မသိနိုင်သေးဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ တော်လှန်ရေးတပ်များဘက်က ထုတ်ပြန်ခြင်းမရှိသေးပေ။
ပလမြို့အပါအဝင် မင်းပြင် ၊ ဘိုင်းပြင်နှင့် ဇရပ်ဆိပ်တို့မှ ပြည်သူ ၅၀၀၀ ကျော်တို့သည် တိုက်ပွဲများကြောင့် ဩဂုတ်လကတည်းက စစ်ရှောင်နေရပြီး ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
