နော်ဝေနှင့် ဒိန်းမတ် လေဆိပ်များအား ဒရုန်းဖြင့် နှောက်ယှက်မှုများ နောက်ကွယ်တွင် ရုရှားရှိနိုင်ကြောင်း ဆွီဒင်ဝန်ကြီးချုပ်ပြောကြား

ဓာတ်ပုံ - AFP
ပုံစာ - ၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က ဝါဆောမြို့၌ ရုရှားမောင်းသူမဲ့လေယာဉ်များ ပိုလန်လေပိုင်နက်ကို ချိုးဖောက်ပြီးနောက် လေဆိပ်ပိတ်ထားရ၍ နှောင့်နှေးနေသော လေယာဉ်များကို စောင့်ဆိုင်းနေသည့် ခရီးသည်များကို တွေ့ရစဉ်

ဥရောပတိုက်၏ စကင်ဒီနေးဗီးယန်းနိုင်ငံများဖြစ်သည့် နော်ဝေနှင့် ဒိန်းမတ်နိုင်ငံတို့အတွင်းရှိ လေဆိပ်အချို့တွင် ဒရုန်းများဖြင့် ခြောက်လှန့် ပျံသန်းမှုများ၏ နောက်ကွယ်တွင် ရုရှား ရှိနိုင် ကြောင်း ဆွီဒင်ဝန်ကြီးချုပ် အူလက်ဖ်ခရစ်စတာဆန်က စက်တင်ဘာ ၂၉ရက် တွင် ပြောကြား သည်။

ကိုပင်ဟေဂင်တွင် ကျင်းပမည့် ဥရောပသမဂ္ဂ (EU) ထိပ်သီးအစည်းအဝေး မတိုင်မီ စက်တင်ဘာ ၂၂ ရက်ကတည်းက နော်ဝေနှင့် ဒိန်းမတ်နိုင်ငံတစ်ဝန်းတွင် မောင်းသူမဲ့လေယာဉ်များ တွေ့ရှိခဲ့ရသောကြောင့် လေဆိပ်အများအပြားကို ပိတ်ထားခဲ့ရသည်။

ဆွီဒင်ဝန်ကြီးချုပ် ခရစ်စတာဆန်က “ယူကရိန်းကို ထောက်ခံတဲ့နိုင်ငံတွေကို ရုရှားက သတိပေး ချင်တာဖြစ်ဖို့ အတော်များပါတယ်၊ အတိအကျတော့ ပြောလို့မရသေးပါဘူး” ဟု TV4 ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

စက်တင်ဘာလအစောပိုင်းတွင် ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သော မောင်းသူမဲ့လေယာဉ်များသည် ရုရှားမှဖြစ်ကြောင်း အတည်ပြုချက်များရှိသည် ဟုလည်း ခရစ်စတာဆန်က ပြောကြားသည်။

“အားလုံးက ရုရှားရဲ့ လုပ်ရပ်လို့ပဲ လက်ညှိုးထိုးလို့ရတယ်၊ ဒါပေမဲ့ မသေချာလို့ သတိထားပြောကြရတယ်။ ပိုလန်မှာတော့ အဲဒါဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဒိန်းမတ်စစ်ရေးနေရာများအပေါ်၌လည်း ဒရုန်းများကို ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် တွေ့ရှိခဲ့ရသည်။

ကိုပင်ဟေဂင်၌ EU ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကျင်းပရန် ရှိနေသောကြောင့် ယင်းအစည်းအဝေးကျင်းပမည့် နေရာပတ်လည်တွင် လုံခြုံရေးသေချာစေရန်အတွက် ဒိန်းမတ်နိုင်ငံက တရားဝင် မောင်းသူမဲ့လေယာဉ်များနှင့် ရန်သူ့မောင်းသူမဲ့လေယာဉ်များ ရောထွေးမှုမရှိစေရန် အောက်တိုဘာလ ၃ ရက် နေ့အထိ အရပ်ဘက် မောင်းသူမဲ့လေယာဉ်များအားလုံးအတွက် လေပိုင်နက်ကို ပိတ်ထားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားပြီး ချိုးဖောက်ပါက ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၂နှစ်အထိ ချမှတ်ခံရနိုင်သည်။

ဒိန်းမတ်ဝန်ကြီးချုပ် မက်တေးဖရက်ဒါရစ်စကင်က “ဥရောပရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အဓိကနိုင်ငံတစ်ခု ရှိပါတယ်၊ အဲဒါကတော့ ရုရှားပဲဖြစ်ပါတယ်” ဟု ယခုသီတင်းပတ်တွင် ပြောကြားခဲ့သော်လည်း စွပ်စွဲချက်များက ရုရှားက ပယ်ချထားသည်။