ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်တွင် ဗမာလူမျိုးများကို ပြည်သူများရှေ့တွင် သေဒဏ်စီရင်သတ်ဖြတ်ဟူ၍ လူမျိုးရေး အမုန်းပွားစေရန် ဖြန့်ဝေထားသော သတင်းအတု ဆိုရှယ်မီဒီယာများပေါ်၌ ပျံ့နှံ့လျက်ရှိသည်။
“Rawt Malan Brang”အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်က စက်တင်ဘာ ၂၆ရ နံနက် ၉နာရီကျော်တွင် “ရှမ်း မြောက် သိန္နီမြို့ မှာ ဗမာ လူမျိုး လူမိုက်လူရမ်းတွေကို ပြည်သူတွေရဲ့ရှေ့ မှာ စီရင်သတ်ဖြတ် ပြသလိုက် ပါတယ်”ဟု (မူရင်းရေးသားချက်အတိုင်း) ဟု အပြာရောင်ဝတ် ကွတ်မျက်ခံရမည့်သူများအား ရိုက်ကူး ထားသော ဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားသည်။ မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/Bmp7P
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ် “ဘညွှန့်”က Rawt Malan Brang ဖေ့ဘွတ်ခ်အကောင့်က တင်ထား သော ပို့စ်ကို Screenshot ရိုက်ကူး၍ ၂၀၂၅ စက်တင်ဘာ ၂၉ရက်တွင် သူ၏ ထင်မြင်ယူဆချက်များဖြင့် ရေး တင်ထားသည်။
ထို့သို့ ရေးတင်ထားခြင်းကို အခြားသော စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက ပြန်လည် ကူးယူ မျှဝေခဲ့ကြသည်။
သတင်းအတု ဖြန့်ဝေထားသောလင့်ခ်များ
ဘညွှန့် – https://archive.ph/bMJd6
Kyaw Swar – https://archive.ph/ZHREv
DGF21News – https://archive.ph/FPNeX
ဖေ့ဘွတ်ခ်နှင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။
သတင်းစိစစ်ချက်
အပြာရောင်ဝတ်ဆင်ထားသော ကွတ်မျက်ခံရမည့်သူများကို ရိုက်ကူးထားသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေရာ Voice of Myanmar နှင့် DVB သတင်းဌာနတို့က သတင်းဓာတ်ပုံနှင့် ထပ်တူညီနေသည်။
VOM နှင့် DVB တို့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့တွင် စက်တင်ဘာ ၂၆ ရက် မနက်ပိုင်း၌ အများပြည်သူ ရှေ့တွင် ပြစ်ဒဏ်စီရင်ပွဲလုပ်ခဲ့ကြောင်း၊ မုဒိမ်းမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လုယက်မှု ကျူးလွန်ခဲ့သူများ ကို တရားစီရင်ခဲ့ပြီး သေဒဏ် ချမှတ်ခံရသူများ ပါဝင်ကြောင်း၊ ပြစ်မှုကျူးလွန်၍ တရားစီရင်ခံထားရသူ ခုနစ်ဦးမှာ တရုတ်လူမျိုး သုံးဦးနှင့် ဗမာလူမျိုးလေးဦးတို့ဖြစ်ကြောင်း၊ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ခဲ့သူ လေးဦးကို သေဒဏ်ချမှတ်ခဲ့၍ နှစ်ဦးကို စက်တင်ဘာ ၂၆ရက်တွင် ကွတ်မျက်ခဲ့ပြီး တစ်ဦး၏ သေဒဏ်ကို ၂ နှစ် ဆိုင်းငံ့ထားကာ နောက်တစ်ဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၆ရက်တွင် ကွတ်မျက်ခံရသူများသည် တရုတ်လူမျိုး နှစ်ဦးဖြစ်ကြောင်း MNDAA အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသခံများကို မေးမြန်း၍ သတင်းရေးသားထားသည်။
VOM – https://shorturl.at/jGeYE
DVB – https://shorturl.at/DIel1
ထပ်မံအတည်ပြုနိုင်ရန် Google တွင် သိန္နီတွင် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်ဟု ရေးသားရှာဖွေရာ BBC, Myanmar Now, Shwe Phee Myay တို့က သတင်းရေးသားထားသည်။
သတင်းများတွင် ပြစ်မှုကျူးလွန်သူ ခုနစ်ဦးကို တရုတ်စာများပါဝင်သော ကတ်ပြားများကို လည်ပင်း၌ ချိတ်ဆွဲ၍ ပြစ်ဒဏ်များ စီရင်ခဲ့ကြောင်း၊ တရုတ်လူမျိုး နှစ်ဦး သေဒဏ်ချမှတ်ခံရပြီး တစ်ဦး တသတ်တကျွန်း ပြစ်ဒဏ် ချမှတ်ခံရကြောင်း၊ ကျန် လေးဦးကို ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း၊ သေဒဏ်ချမှတ်ခံရသူ နှစ်ဦးသည် MNDAA တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်ကြောင်း ရေးသားထားသည်။
သတင်းလင့်ခ်များ
BBC – https://shorturl.at/aeyxu
Myanmar Now – https://shorturl.at/0Fi34
Shwe Phee Myay – https://shorturl.at/JsEjz
သုံးသပ်ချက်
ဓာတ်ပုံကို အချက်အလက်စစ်ဆေးခြင်းနှင့် ယုံကြည်စိတ်ချရသော သတင်းဌာနများ၏ သတင်းများအရ MNDAA ကိုးကန့်အဖွဲ့က ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်ဒဏ်စီရင်ခံရသူ ၇ဦးအနက် တရုတ်လူမျိုး နှစ်ဦးကို သေဒဏ်စီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖေ့ဘွတ်ခ်နှင့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော ဗမာလူမျိုးများကို သေဒဏ်စီရင် ချမှတ်ဟု ဖြန့်ဝေထားခြင်းသည် လူမျိုးရေးအမုန်းပွားများစေရန် ဖြန့်ဝေထားသော သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
