စစ်ကော်မရှင်က ရပ်ကွက်ရုံးများ၌ မဲစာရင်းများ ကပ်ထားသည်ဟု ကြေညာထားသော်လည်း ပြည်သူများ စိတ်မဝင်စား၍ သွားကြည့်သူပင်မရှိကြောင်း စုံစမ်းသိရှိရသည်။
ယနေ့( စက်တင်ဘာ ၃၀ ရက်)မှ စတင်၍ စစ်ကော်မရှင်က မဲပေးနိုင်သည့် ပြည်သူများ၏ စာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေး ရုံးများ၌ ကပ်ထားမည်ဟု ယမန်နေ့ညပိုင်းက လိုက်လံ ဆော်သြခဲ့သည်ဟု သိရသည်။
သို့သော် ကြံ့ခိုင်ရေး နိုင်ရန်သာ ကြံစည်ထားသည့် ရွေးကောက်ပွဲ ဖြစ်သဖြင့် သွားမကြည့်ဟု ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
” မနေ့ညက ရပ်ကွက်ထဲ လိုက်အော်တယ်။ ဒါပေမဲ့ သွားမကြည့်ဘူး။ ပါတယ်ဆို မဲသွားထည့်မယ်။ မပါရင် မထည့်ဘူး။ ကြံ့ဖွတ်တွေ နိုင်ဖို့ လုပ်ထားတဲ့ ရွေးကောက်ပွဲကြီး မဲမထည့်ရင် ဖမ်းမှာစိုးလို့သာ” ဟု ၄င်းက ပြောသည်။
စစ်ကော်မရှင်သည် မဲစာရင်းကပ်ထားသည်ဟု ကြေညာသော်လည်း ရွှေ့ပြောင်းနေထိုင်သူများအတွက်ကိုမူ မည်သို့ပြုလုပ်ပေးထားသည် ဆိုခြင်းအား တိကျစွာ ကြေညာထားခြင်း မရှိပေ။ ထို့ကြောင့် ရွှေ့ပြောင်း နေထိုင်သူများမှာ မဲစာရင်း မည်သည့် နေရာတွင် ကြည့်ရှုရမည်ကို မသိဖြစ်နေသည်။
” ကျတော်က ပုဇွန်တောင်ကနေ ပြောင်းလာတာ။ ဒီမှာ ကျတော့် စာရင်း ပါမပါ မသိဘူး။ လာလည်း အကြောင်းမကြားထားဘူး။ အဲ့ဒီတော့ သွားကြည့်လို့ မပါရင် ဘာလုပ်ရမှန်းလည်း မသိဘူး” ဟု အရှေ့ဒဂုံမြို့နယ်၌ အိမ်ဌား နေထိုင်သည့် အသက် ၃၀အရွယ် အမျိုးသား တစ်ဦးက ပြောသည်။
သင်္ဃန်ကျွန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကမူ ၄င်းတို့ မဲစာရင်း လာကြည့်ရန် ကြေညာထားသော်လည်း လာရောက်ကြည့်ရှုသူ နည်းနေသေးသည်ဟု ဆိုသည်။
” မလာကြဘူး။ လေးငါး ဆယ်ယောက်လောက်ပဲ လာကြည့်ကြသေးတယ်။ ကျတော်တို့ ညဘက်တွေ ထပ်ပြီး ဆော်သြဖို့ ရှိတယ်” ဟု ၄င်းက ပြောသည်။
စစ်ကော်မရှင်သည် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ရက်ထိ ပထမအသုတ်အဖြစ် မဲစာရင်းများ ကြည့်ရှုနိုင်သည်ဟု ကြေညာထားခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်သူများက စိတ်မဝင်စား၍ သွားရောက်ကြည့်ရှုခြင်းများ နည်းနေသေးကြောင်း သိရသည်။
