ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက ရာဇဝတ်အကျဉ်းသားများဖြင့် လူမိုက်ဂိုဏ်းဖွဲ့ကာ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများပြုလုပ်နေကြောင်း သိရသည်။
အဆိုပါအဖွဲ့တွင် စစ်ခုံရုံးမှ ပြစ်ဒဏ်ချမှတ်ခံထားရသည့် စစ်ဗိုလ်များ၊ မူးယစ်ဆေးရောင်းဝယ်မှုများကြောင့် ထောင်ကျနေသည့်သူများပါဝင်ပြီး ရင်ထိုးအနီရောင် ထိုးကြကာ မိန်းဂျေးရုံးအဖွဲ့ဟု ခေါ်သည့် လူမိုက်ဂိုဏ်းကို ဖွဲ့စည်းထားကြောင်း ဘားအံအကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
” ဘားအံထောင်ထဲမှာ အကျဥ်းဦးစီးက လူမိုက်မွေး ဂိုဏ်ဖွဲ့ထားတဲ့သူတွေက နိုင်ငံရေးအကျဉ်းသားတွေကို အနိုင်ကျင့်ဗိုလ်ကျနေကြပါတယ်။ သူတို့က ဘာလုပ်လုပ် အရေးယူမှု မရှိဘူး၊ နိုင်ငံရေးအကျဥ်းသားတွေကိုဆိုရင် ခေါ်ယူ ရိုက်နှက်တာ၊ ခြေကျင်းခတ် ရိုက်နက်တာတွေ လုပ်နေပါတယ် ” ဟု ဘားအံအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဧပြီလအတွင်းက စစ်ကော်မရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနမှ အချုပ်သူ၊ အချုပ်သား၊ အကျဉ်းသူ၊ အကျဉ်းသားများအား အသားကျွေးနှုန်းပြင်ဆင် သတ်မှတ်ခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသားများမှ ကန့်ကွက်ခဲ့ကြပြီး အသားဟင်းကျွေးသည့်အခါ တစ်ဦးလျှင် အသားဟင်း ၅ကျပ်သား အပြည့်အဝရရှိရေး တောင်းဆိုခဲ့ကြသည်။
ယင်းကဲ့သို့တောင်းဆိုမှုကို ဘားအံထောင်မှ ထောင်ပိုင်လေးအဆင့်ရှိသူ ဦးအောင်မြင့်က ညှိနှိုင်းပေးခဲ့ကာ ထောင်တစ်ခုလုံးစာ အစားအသောက် ချက်ပြုတ်ခွင့်ကို နိုင်ငံရေးအကျဉ်းသားများကို ပေးခဲ့ပြီး ၃ရက်မြောက်နေ့၌ ထောင်အာဏာပိုင်များ၏ လူမိုက်ဂိုဏ်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားများကို လုပ်ကြံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
” ဟင်းချက် တာဝန်ယူဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို ထောင်အာဏာပိုင်တွေ မွေးထားတဲ့ ဂိုဏ်းအဖွဲ့က ပုဆိုးထဲမှာ အားကစားလုပ်တဲ့အခါသုံးတဲ့ ဝိတ်မတုံးထည့်ပြီး ရိုက်ခဲ့ပါတယ်။ နှစ်ဦးလုံး အသက်မသေခဲ့ပေမယ့် ဦးခေါင်း ခုနစ်ချက်စီ ချုပ်ခဲ့ရပါတယ်၊ အဲဒီနောက် ထောင်အာဏာပိုင် တွေရဲ့အစီအစဥ်အတိုင်း ပြန်လည်ချက်ပြုတ်ကျွေးခဲ့ပါတယ်၊ တစ်ဦးကို ရရမဲ့အသား၅ကျပ်သားလည်း အပြည့်အဝ မရတော့ပါဘူး ” ဟု ဘားအံအကျဉ်း ထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၄ရက်က ဘားအံ အကျဉ်းထောင်မှ ထောင်အာဏာပိုင်များကို အစားအသောက် အဆင်မပြေမှု တင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို ရိုက်နှက်တိုက်ပိတ်ခဲ့ပြီး ယင်းတို့အနက် တစ်ဦးသေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ စက်တင်ဘာလ ၈ရက်တွင် ထုတ်ပြန်ခဲ့သည်။
” မိန်းဂျေးရုံးအဖွဲ့မှာ လုပ်နေတဲ့ အခြားအကျဉ်းသားတွေကို ထောင်ဝန်ထမ်းအဖြစ် ခေါ်ယူသုံးစွဲတာတွေလည်း လုပ်နေတယ်။ အဲဒီအဖွဲ့မှာဆိုရင် ရင်ဘတ်မှာ အနီရောင်ကတ်ပြားတွေ လုပ်ပေးထားတယ်။ သစ်သားနဲ့လုပ်ထားတဲ့ လက်ကိုင်တုတ်တွေကိုဆိုလည်း အဖွဲ့ဝင်တွေရဲ့ နာမည်တွေ ထွင်းပြီး ရေးထားတာတွေရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေ တစ်ခုခုလုပ်ပြီ၊ တစ်ခုခုဖြစ်ပြီဆိုရင် အဲဒီလက်ကိုင်တုတ်တွေနဲ့ဝိုင်းပြီးရိုက်ကြတယ် “ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ပြန်ကြား ရေး တာဝန်ခံ မရောင်နီလင်းက ပြောသည်။
လက်ရှိ ဘားအံအကျဉ်း ထောင်အတွင်း ၂၀၂၅ခုနှစ်၊ ဇွန်လအတွင်း ထောင်ဆူပူမှုဖြင့် နိုင်ငံရေးအကျဉ်းသား ၁၁ဦးသည် ၃လ ရိုက်နှက်တိုက်ပိတ်ခံထားရသော်လည်း ၃လပြည့်ပြီးသည်အထိ ထောင်အာဏာပိုင်များက ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။
ထို့ပြင် မိန်းဂျေးရုံးအဖွဲ့တွင် ပါဝင်နေသည့် တစ်ပွင့် အရာရှိ အောင်ရဲနိုင် (ခ) ရခိုင်သည် ဘားအံထောင်အတွင်း သတင်းများ ပြင်ပသို့ပေါက်ကြားပါက တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသာများကို သတ်ပစ်မည် ခြိမ်းခြောက်ထားကြောင်း PPNM၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဘားအံထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် နေ့စဉ် မနက် ၉ နာရီမှ ၁၀ နာရီအထိ အိပ်ဆောင်နှင့် အုတ်ရိုးအကြား ရေညှိများတိုက်သည့် အလုပ်များကို လုပ်နေကြရပြီး ထောင်ဝန်ထမ်းများအကြောင်းကို ပြောဆိုပါက ခြေကျင်းခတ်၊ တိုက်ပိတ်မည်ဟု ထောင်အာဏာပိုင်များက ခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၉ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၇၄၃) ဦးရှိကာ အကျဉ်းထောင်များ ဖမ်းဆီးခြင်းခံနေရသူမှာ (၂၂၄၅၃) ဦးဖြစ်ကြောင်း နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
