ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီဟု စစ်တပ်ဆို

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဟု စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖော်ပြထားသည်။

ယနေ့(အောက်တိုဘာ ၁ရက်) တွင် ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံ၊ ရုံး၊ ရဲစခန်းအားလုံးကို စစ်ကော်မရှင်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပုံနှင့်တွက ဖော်ပြထားသည်။

ယမန်နေ့က ကျောက်မဲမြို့နှင့် သုံးမိုင်ခန့်အကွာရှိ ခိုမုန်းရွာကို စစ်ကော်မရှင်က ထိန်းချုပ်လိုက်ပြီးနောက် ယနေ့တွင် မြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က မီးလောင်ဗုံးများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု TNLA က ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ချက်ခဲ့သော်လည်း မြို့မှ ဆုတ်ခွာပေးလိုက်ရသည့် အကြောင်းကိုမှု ထုတ်ပြန်ထားမှုမရှိသေးပေ။

ဩဂုတ် ၁၆ရက်မှ စတင်ပြီး စစ်ကော်မရှင်၏ ခြေမြန် တပ်မ ၁၁၊ တပ်မ ၅၅ နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) လက်အောက်ခံ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁) မှ တပ်ဖွဲ့များသည် ကျောက်မဲမြိုကို ထိုးစစ်ဆင်ခဲ့ပြီးနောက် ထန်းတပင်၊ နောင်ပိန်၊ ပင်တိန်၊ မက်မန်း၊ နားအိုက်ခန်းနှင့် စခန်းသာရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ယနေ့တွင် ထိန်းချုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိ ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင် ဆင်လာနိုင်သည့် အခြေအနေများကြောင့် မြို့ခံများသည် ပစ္စည်းများသိမ်းဆည်းကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။