စီးပွားရေး လုပ်ငန်းရှင်များ စစ်ကော်မရှင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အားပေးကူညီနေ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-စစ်ကော်မရှင်နှင့်တွေ့ဆုံခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်အချို့(ပုံအဟောင်းအားအသုံးပြုထားသည်)

မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အများစုသည် စစ်ကော်မရှင် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လူအား ငွေအားဖြင့် အားပေးကူညီမှုများ ပြုလုပ်နေကြောင်း စီးပွားရေး အသိုင်းအဝိုင်းထံမှ MPA က စုံစမ်းသိရှိရသည်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင်များသည် စစ်ကော်မရှင် ရွေးကောက်ပွဲ အပြီးတွင် ၄င်းတို့၏ စီးပွားရေး လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ကာ ယခုကဲ့သို့ ကူညီနေကြခြင်းလည်း ဖြစ်သည်။

” ဒီရွေးကောက်ပွဲ အပြီးမှာ ပိတ်ဆို့မှုတွေ ပြန်ပွင့်လာမယ်လို့ ထင်တယ်။ ပြီးတော့ စစ်အာဏာသိမ်းတာကို အမြန်ဆုံး ရပ်တန့်ဖို့ လိုတယ်။ ဒါမှလည်း လုပ်ရကိုင်ရ အဆင်ပြေမှာ” ဟု ရန်ကုန် အခြေစိုက် ဟိုတယ်နှင့် ခရီးသွာလာရေး ကုမ္ပဏီကြီးတစ်ခု၌ အဆင့်မြင့် ရာထူးယူကာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ၄င်း၏ သူဌေးဖြစ်သူ သဘောထားကို ပြောပြသည်။

အချို့သော စီးပွားရေး လုပ်ငန်းရှင်များသည် ၄င်းတို့ နှစ်သက်သည့် ပါတီများအား ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ပုံငွေများ လှူဒါန်းခြင်းများလည်း ရှိသည်ဟု သိရသည်။

” NDF ကို လှူတဲ့ သူဌေးတွေကတော့ ဂွမ်းသွားတာပေါ့။ အခုက ပြည်သူ့ပါတီနဲ့ ကြံ့ခိုင်ရေးကို ထောက်ခံ အားပေးတဲ့ သူဌေးတွေ အများကြီးပဲ။ သူတို့က နောက်ကွယ်ကနေ ငွေအား လူအားတွေ ကူညီပေးနေတယ်” ဟု အမည်မဖော်လိုသည့် လူငယ် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

စီးပွားရေး လုပ်ငန်းရှင်အများစုသည် စစ်ကော်မရှင် ရွေးကောက်ပွဲအပြီး နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများ ပြန်၍ ဖြေလျှော့လာနိုင်သည်ဟု မျှော်လင့်နေကြသော်လည်း နိုင်ငံရေး အကဲခတ်များကမူ အဆိုပါ အမြင်အား သဘောတူခြင်း မရှိကြပေ။

” ဘက်စုံပါတဲ့ တွေဆုံ ညှိနှိုင်းမှုတွေ၊ ​နိုင်ငံရေး အကျဥ်းသား လွှတ်ပေးမှုတွေ ဖြစ်လာရင်တောင် Sanction က မလွတ်နိုင်သေးဘူး။ နိုင်ငံတကာအနေနဲ့ အထူးသဖြင့် US နဲ့ EU က ဒီ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွယ်လွယ်နဲ့ ဖြေလျှော့ပေးဖို့ မရှိဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူတစ်ဥက မှတ်ချက်ပေးသည်။

စစ်ကော်မရှင်သည် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေညာထားပြီး ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ စသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြသည့် ပါတီများက ဝင်ရောက်ယှဥ်ပြိုင်ရန် အပြိုင်အဆိုင် ကြိုးစားလျက်ရှိသည်။