စစ်ကော်မရှင်က မှောင်ခိုပစ္စည်းများကို အဖမ်းပြပြီး လာဘ်ငွေယူကာ ပြန်လည်ထုတ်ပေးနေ

ဓာတ်ပုံ-လူမှုကွန်ရက်

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် မှောင်ခိုးပစ္စည်းများကို ဘားအံနှင့် ပဲခူးတွင် စစ်ကော်မရှင်က အဖမ်းပြပြီး လာဘ်ငွေယူကာ ပြန်ထုတ်ပေးနေကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

စစ်ကော်မရှင် လက်အောက်ခံ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက စက်တင်ဘာလဆန်းပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်မှ တဆင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို အဖမ်းပြပြီး တစ်ဖက်တွင် ငွေကြေးတောင်းခံမှုများပြုလုပ်နေခြင်းဖြစ်သည်။

” ထိုင်းနယ်စပ်က လာတဲ့တရားမဝင်ကုန်တွေ၊ သွင်းကုန်လိုင်စင်နဲ့ အထောက်အထားမပြန်နိုင်တဲ့ကုန်တွေကို ဘားအံဘက်မှာဖမ်းတယ်။ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာလဲအဖမ်းပြတယ်။​ အထက်ကိုစာရင်းတင်မှတ်တမ်းပြန်ပြီးရင်တော့ နောက်ကနေ ပိုက်ဆံယူပြီး ပြန်ထုတ်ပေးတာမျိုးလုပ်ပေးတယ်။ ” ဟု ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းနေသည့် ကုန်သည်တစ်ဦးကဆိုသည်။

စစ်ကော်မရှင်အာဏာသိမ်းပြီးနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ကိုဖွဲ့စည်းပြီး နယ်စပ်မှတရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးမှုပိုမိုပြင်းထန်လာကြောင်း ကုန်သည်အများစုကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လကလည်း ဘားအံမြို့နယ်တွင် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကား တစ်ရာခန့်ကို ဖမ်းဆီးပြီး ကုန်ကားတစ်စီးလျှင် ကျပ်သိန်း ၂၀၀ ပေးမှ ပြန်လည်ထုတ်ပေးခဲ့ကြောင်း ကုန်သည်များက ပြောသည်။

” သြဂုတ်လ တတိယပတ်လောက်က ဘားအံမှာ မှောင်ခိုသွင်းတဲ့ကုန်ကားတစ်ရာကျော်မိတယ်။ ​အဲ့ဒီကုန်ကားတွေကို ပြန်ရွေးတာ သိန်းရာချီပြီးစျေးပေါက်သွားတယ်။ အဖမ်းပြပြီး ပြန်ထုတ်ပေးတဲ့သဘောပဲ ” ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးကဆိုသည်။

စစ်ကော်မရှင်သည် ဩဂုတ်လကုန်မှ စတင်က ထိုင်း-မြန်မာ ကုန်သွယ်ရေးဂိတ်အများစုကို ပိတ်ခဲ့ပာကော့သောင်းနှင့် တာချီလိတ်တို့မှသာ ကုန်သွင်းခွင့်ပြုခဲ့ပြီး ကုန်ပစ္စည်းတင်သွင်းလိုသူများအနေဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်မြို့သို့ တင်ပို့မည့် ကုန်တင်ကား ၁၃၂ စီးကို စစ်တပ်က ဖမ်းဆီးရမိပြီးနောက် ထိုင်း-မြန်မာ နယ်စပ်မှ တင်သွင်းသည့် ပစ္စည်းများကို ပိုမိုတင်းကျပ်လာခဲ့ခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကော်မရှင်က ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများတင်သွင်းမှုကို တင်းကျပ်လိုက်ခြင်းသည် နယ်စပ်ကုန်သွယ်ခွန် ဝင်ငွေများကို ဗဟိုထိန်းချုပ်ရန် နှင့် နိုင်ငံခြားငွေသုံးစွဲမှုတို့ကို ထိန်းချုပ်ရန်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြထားသည်။

စစ်တပ်က ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းတင်သွင်းမှုကို တင်းကျပ်လိုက်သည့် နောက်ဆက်တွဲကြောင့် ကုန်စျေးနှုန်းမြင့်တက်ခြင်း၊ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ ရပ်တန့်ခဲ့ခြင်းနှင့် လာဘ်ပေး လာဘ်ယူမှုများ ပိုမိုများပြားလာမှုတို့ကို ဖြစ်ပွားစေခဲ့သည်။