စစ်ကိုင်းတိုင်း၊ ရေဦးနှင့် တန့်ဆည်မြို့နယ်အစပ်ကို စစ်တပ် စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးနေကြောင်းသိရသည်။
စက်တင်ဘာ ၂၉ရက်က ကန့်ဘလူမြို့နယ်၊ ကာဘိုးအထိုင်စခန်းကထွက်လာသည့် အင်အား ၁၃၀ကျော်ပါစစ်ကြောင်းနှင့် တန့်ဆည်မြို့ပေါ်မှထွက်လာသည့် အင်အား ၇၀ကျော်ပါစစ်ကြောင်းတို့သည် ရေဦးနှင့် တန့်ဆည်မြို့နယ်အစပ်ရှိ ကျေးရွာများကို ယနေ့ (အောက်တိုဘာ ၁ရက်)အထိ စစ်ကြောင်းထိုးဝင်ရောက်နေကြောင်းသိရသည်။
” ဟိုတလောက ရေဦးမြို့နယ်ပကဖကဘက်ကနေပြီးတော့ ရဲဘော် ၅ယောက်က ကာဘိုးအ ထိုင်စခန်းကို ဝင်သွားတာပေါ့နော်။ ပူးပေါင်းသွားတာပေါ့နော်။ အဲ့ကောင်တွေရဲ့ သတင်းပေးချက်အရ ဒီဘက်တွေကို နယ်မြေရှင်းလင်းနေတာလို့ ယူဆထားပါတယ်” ဟု ဒေသတွင်းPDFရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ယနေ့ နံနက်အစောပိုင်းတွင် တန့်ဆည်မြို့ပေါ်မှထွက်လာသည့် စစ်ကြောင်းသည် တန့်ဆည်မြို့နယ်၊တနယ်ရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၁၀နာရီခွဲဝန်းကျင်၌ တန့်ဆည်မြို့နယ်၊ ခပေါင်းမြိုင်ရွာဘက်သို့ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
” ထိခိုက်ဒဏ်ရာရတော့မရှိသေးဘူး။ ခပေါင်းမြိုင်ရွာဘက်ကို ကြဲတာဆိုတော့ အဲ့ဘက်က ဒီနေ့မနက်ခွေးဝင်သွားပြီဆိုတော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ ၂၈ရက်မှ ယနေ့ အထိ စစ်ကြောင်းများရောက်ရှိနေသည့် ရေဦး-တန့်ဆည်အစပ်ကို ဂျိုင်ရိုကော်ပတာနှင့် ဂျက်ဖိုက်တာတို့ အသုံးပြုကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းသိရသည်။
လက်ရှိတွင် ကာဘိုးအထိုင်စခန်းမှထွက်လာသည့် စစ်ကြောင်းသည် ရေဦးမြို့နယ်၊ အောင်သာရွာ ကိုရောက်ရှိနေပြီး တန့်ဆည်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းသည် တန့်ဆည်မြို့နယ်၊ ခပေါင်းမြိုင်ရွာသို့ ရောက်ရှိနေကြောင်းသိရသည်။
ယင်းစစ်ကြောင်းကြောင့် ရေဦး-တန့်ဆည်အစပ်ရှိ ကျေးရွာ ၁၅ရွာကျော်မှ ပြည်သူ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
