ကန့်ဘလူ ပျူရွာကင်းကို PDF ဝင်စီး၊ ၂ဦးသေ၊ ၆ဦးအရှင်မိနှင့် သေနတ်၇လက်ရရှိ

ဓာတ်ပုံ - ပေးပို့ ပုံစာ - ဖမ်းဆီးရမိသည့် သုံ့ပန်းများနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပျူရွာကင်းတစ်ခုကို တော်လှန်ရေးတပ်များ ဝင်ရောက်စီး နင်းခဲ့ရာ ၂ဦးသေဆုံးပြီး ၆ဦးအား အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ တစ်ရက်၊ ည ၁၀နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ အုန်းတောပျူရွာကင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူခရိုင်ပကဖလှုပ်ရှားတပ်ရင်းက သတင်းထုတ်ပြန်သည်။

” ပျူရွာကင်းမှာ အင်အား ၈ယောက်ရှိတာဗျ။ သေနတ် ၇လက်နဲ့။ ပျူတွေချည်းစောင့်တာဗျ။ သူတို့ဘက်က ပြန်ခုခံချိန်မရှိလိုက်ဘူး။ ကျနော်တို့ဘက်က အလွန်ဆုံးကြာမှ ဟိုဟာပါ၊ စက္ကန့်ပိုင်းပဲကြာလိုက်ပါတယ်။ ကပ်တာကြာတာပါ။ သူတို့ကို ဝင်သိမ်းလိုက်တာ စက္ကန့်ပိုင်းပဲကြာတယ်” ဟု ကန့်ဘလူခရိုင်ပကဖလှုပ်ရှားတပ်ရင်း၊ ဒုတပ်ရင်းမှူး ကိုပိုင်ချဲက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် G3 သေနတ်၃လက်၊ ကာဘိုင် ၂လက်နှင့် ပြောင်းချော ၂လက် သိမ်းဆည်း ရရှိခဲ့ကြောင်းသိရသည်။

သေဆုံးသွားသည့် ပျူအလောင်း ၂လောင်းကို နေရာတင်ထားခဲ့ပြီး ဖမ်းဆီးရမိသူများအား သုံ့ပန်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အုန်းတောပျူရွာကင်းနှင့် အုန်းတောပျူရွာသည် မီတာ ၄၀၀ ဝန်းကျင်သာ ဝေးကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို ကန့်ဘလူခရိုင်ပကဖလှုပ်ရှားတပ်ရင်း၊ ကန့်ဘလူခရိုင် အမှတ် ၃တပ်ရင်းနှင့် နယ်မြေခံပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ပျူစောထီးများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။