ထီးလင်း – ဂန့်ဂေါကားလမ်းပျက်စီးမှုကို ပကဖ စရိတ်စိုက်ထုတ် ပြုပြင်

ဓာတ်ပုံ - ထီးလင်းမြို့နယ်ပကဖ
ပုံစာ - ထီးလင်း - ဂန့်ဂေါကားလမ်းပိုင်းကို ပြုပြင်နေစဉ်။

မကွေးတိုင်း၊ ထီးလင်း – ဂန့်ဂေါကားလမ်းပျက်စီးမှုကို ပကဖက ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထီးလင်းနှင့် ဂန့်ဂေါမြို့နယ်တို့ကို ဆက်သွယ်ထားသော ထီးလင်း – ဂန့်ဂေါကားလမ်းပိုင်း၊ ပုံညာတောင် အတက်တစ်နေရာတွင် ကတ္တရာလမ်းပိုင်းပြိုကျပျက်စီးခဲ့ပြီး၊ ခရီးသွားပြည်သူကားများနှင့် ကုန်ကားများပိတ်မိနေသောကြောင့် စက်တင်ဘာ ၃၀ရက်တွင် ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးစီးကာ စက်ယန္တရားများငှားရမ်း၍ လမ်း ပြုပြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စက်တင်ဘာ၂၅ ရက်‌ကစပြီး လမ်းကတဖြည်းဖြည်းနိမ့်ကျလာတာ။ ၂၉လောက်ကဆိုသွားမရ ဘဲဖြစ်သွားပြီး ကားတစ်စီးကမြေနိမ့်တဲ့ထဲပါသွားတာ ဝှီးနဲ့ပြန်ဆွဲထုတ်ရပါတယ် ” ဟု ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

လမ်းပြင်ရာတွင်ကုန်ကျသည့် ငွေကျပ် ၁၁သိန်းကို ထီးလင်းမြို့နယ်ရန်ပုံငွေထဲမှ သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ကားလမ်းပြင်တဲ့အရှည်က ပေ ၅၀ ပါ။ မနေ့ကစပြီး ကားတွေကသွားလို့ရပါပြီ။ လမ်းကတော့ ထပ်ပြိုနိုင်ပါတယ်။ မိုးရွာတာတော့ ဒီနေ့ရပ်သွားပါပြီ ” ဟု ၎င်းဆက်လက်ပြောသည်။

မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၂၂ရက်မှစ၍ ထီးလင်းမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းခဲ့သည်။

မိုးရွာသွန်းမှုကြောင့် ထီးလင်းမြို့နယ်ရှိ မောချောင်းရေမြင့်တက်လာပြီး စက်တင်ဘာ ၂၅ရက်က ချောင်းဘေးရှိ စိုက်ခင်းများလည်း ပျက်စီးခဲ့ကာ မောချောင်းဘေးရှိ ညောင်ကန်ရွာက လူနေအိမ် ၃ လုံးကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း-ML