အင်ဒိုနီးရှား ကျောင်းပြိုကျမှုတွင် ကျောင်းသား ၉၀ ကျော် ပိတ်မိနေဆဲ

(ဓာတ်ပုံ- Sahlan Kurniawan/Xinhua)
ပုံစာ-ပြိုကျပျက်စီးသွားသည့် ကျောင်းအဆောက်အအုံမှ အပျက်အစီးများကို တွေ့ရစဉ်။

DW

အင်ဒိုနီးရှားအရာရှိများနှင့် ကယ်ဆယ်ရေးလုပ်သားများသည် ဂျာဗားကျွန်းတွင် ပြိုကျသွားသည့် ကျောင်းဆောင်အပျက်အစီးများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို အောက်တိုဘာ ၁ ရက်က ဆက်လက်ရှာဖွေနေကြပြီး အပျက်အစီးများအောက်တွင် ကျောင်းသား ၉၁ ဦးခန့် ပိတ်မိနေဆဲဟု ယူဆထားသည်။

အထပ်များစွာရှိသည့် အစ္စလာမ်မစ် ဘော်ဒါဆောင်ကျောင်းသည် တတိယနှင့် စတုတ္ထထပ်ကို တရားမဝင် ဆက်လက်ဆောက်လုပ်နေစဉ် စက်တင်ဘာ ၂၉ ရက်က ပြိုကျသွားခြင်းဖြစ်သည်။ ကျောင်းသားများသည် နေ့လယ်ပိုင်း ဆုတောင်းပွဲအတွက် ခန်းမတွင် စုဝေးနေစဥ် အဆောက်အအုံ ပြိုကျခဲ့ခြင်း ဖြစ်သည်။

စာရင်းမတွေ့သေးသူ အများစုမှာ အသက် ၁၂ နှစ်မှ ၁၈ နှစ် ကြားရှိ ယောက်ျားလေးများ ဖြစ်ကြသည်။ မိန်းကလေးကျောင်းသားများသည် ဆုတောင်းရန်အတွက် အခြားခန်းမတစ်ခုတွင် စုရုံးနေကြပြီး လွတ်မြောက်နိုင်ခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်သား၊ ရဲအရာရှိနှင့် စစ်သား ၃၀၀ ကျော် သည် အပျက်အစီးများကြားတွင် ရှာဖွေရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေကြသည်။ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်နိုင်ခြေသည် ၂၄ နာရီ ကျော်လွန်သွားပါက လျော့နည်းသွားလေ့ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်း အများစုမှာ ထိုအချိန်အတွင်း ဖြစ်ပွားသည်။

အမျိုးသား သဘာဝဘေးနှင့် လျော့ပါးသက်သာရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မူဟာရီ က စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် “ကျောင်းသား တက်ရောက်မှု အချက်အလက်များအပေါ် အခြေခံပြီး ၉၁ ဦး က အဆောက်အအုံပစ္စည်းတွေအောက်မှာ မြှုပ်နေတယ်လို့ သံသယရှိပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် အောက်တိုဘာ ၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ၌ ပျောက်ဆုံးသူဦးရေကို မေးမြန်းသည့်အခါ အရာရှိများက ၎င်းတို့သည် အရေအတွက်ကို အတည်ပြုရန် ဆက်လက်ကြိုးစားနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ မိုဟာမက် ဆာဖီက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား “ဒီစစ်ဆင်ရေးကို မကြာခင်မှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ အချိန်နဲ့အပြေးအပြိုင် လုပ်ဆောင်နေရတာပါ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တွေ့ရှိထားတဲ့သူတွေကို အသက်ကယ်တင်နိုင်ဖို့ ဖြစ်နိုင်ချေရှိနေလို့ပါ” ဟု ပြောကြားခဲ့သည်။

ပြိုကျမှုအတွင်း ကွန်ကရစ်တုံးများ မတည်ငြိမ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းသည် ရှုပ်ထွေးနေသော်လည်း အပျက်အစီးများအောက်တွင် ကလေးငယ် ၆ ဦး ထက်မနည်း အသက်ရှင်လျက်ရှိနေသည်ဟု အေဂျင်စီက ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ လူ သုံးဦး သေဆုံးကြောင်း အတည်ပြုထားပြီး ၁၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအနက် ၂၆ ဦး ကို ဆေးရုံတင်ထားရသည်။

အရာရှိများက အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်သည့် လုပ်ငန်းမှ သေဆုံးသူများကို အပျက်အစီးများအောက်မှ ဆယ်ယူသည့် လုပ်ငန်းသို့ ပြောင်းရွှေ့သည့်အခါ သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိသည်။