အောင်ကြည်သိန်းသာ မွန်ဝန်ကြီးချုပ် ဆက်ဖြစ်မည်ဟု သတင်းထွက်၊ရာဇဝတ်ဂိုဏ်းသား လုပ်ငန်း ရှင်များ မော်လမြိုင်တွင် အောင်ပွဲခံနေဟုဆို

ဓာတ်ပုံ-ပေးပို့
ပုံစာ-သင်္ကြန်တွင် မူးပြီး ဘီယာဝေနေသော မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း။

ရွေးကောက်ပွဲအပြီးတွင် အောင်ကြည်သိန်းသာလျှင် မွန်ဝန်ကြီးချုပ် ဆက်ဖြစ်မည်ဟု သတင်းထွက် ပေါ်နေကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း၁ ဝင်ရန် မင်းအောင်လှိုင်က တိုက်ရိုက်စေလွှတ်လိုက်သူ များအထဲတွင် ဝန်ကြီးချုပ်အဆင့် မှန်းနိုင်သည့် အငြိမ်းစား ဗိုလ်ချုပ်အဆင့်များ မပါခြင်းနှင့် လက်ရှိ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေခြင်းတို့ကြောင့် အောင်ကြည်သိန်းသာလျှင် မွန်ဝန်ကြီး ချုပ်ဆက်ဖြစ်မည်ဟု သတင်းကြီးနေကာ အောင်ကြည်သိန်းနှင့်ပေါင်း၍ တရားမဝင်စီးပွားရှာစားနေ သည့် ရာဇဝတ်ဂိုဏ်းသား လုပ်ငန်းရှင်များ မော်လမြိုင်၌ အောင်ပွဲခံနေကြကြောင်း ပြည်နယ်အစိုးရ အဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခု မော်လမြိုင်က ကေတီဗီတွေ၊ဆိုင်ကြီးတွေမှာ အောင်ကြည်သိန်းနဲ့ ပေါင်းစားနေတဲ့ ဒိုင်ချုပ်( လောင်းကစားဒိုင်ချုပ်)တွေနဲ့ တခြားတရားမဝင်စီးပွားရှာစားနေတဲ့ကောင်တွေ အောင်ပွဲခံနေကြ တယ်။အောင်ကြည်သိန်းက ချောင်းဆုံပြည်နယ်လွှတ်တော်ကနေ ပြိုင်ရမှာဆိုတော့ ဝန်ကြီးချုပ် ဆက်ခန့်မယ်လို့ မှန်းကြတယ်။လောလောဆယ် မင်းအောင်လှိုင်လွှတ်လိုက်တဲ့အထဲမှာ ဝန်ကြီး ချုပ် ခန့်နိုင်လောက်တဲ့ အငြိမ်းစားဗိုလ်ချုပ်တွေလည်း မပါဘူးဆိုတော့”ဟု ၎င်းက MPAသို့ပြောသည်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း၁ ဝင်ရောက်ယှဉ်ပြိုင်ရန် မင်းအောင်လှိုင်စေလွှတ်လိုက်သူ အနည်းငယ်သာ ရှိသဖြင့် ပြည်ခိုင်ဖြိုးပါတီက လျာထားသည့် ပြည်နယ်အဆင့် ပြည်ခိုင်ဖြိုးခေါင်း ဆောင်နှင့် ခရိုင်အဆင့်ခေါင်းဆောင် အများစုတို့ အမတ်လောင်းနေရာရရှိကြကြောင်း သိရသည်။

“ကြံ့ဖွတ် ပြည်နယ်အဆင့်နဲ့ ခရိုင်အဆင့်တွေက သူတို့ကိုယ်သူတို့ ပြည်နယ်ဝန်ကြီးရာထူးမှန်းနေကြ တယ်။အခုသူတို့နဲ့ပေါင်းစားနေတဲ့ လောင်းကစားတို့၊မူးယစ်ဆေး ရောင်းတဲ့ကောင်တွေက သူတို့ဆ ရာတွေအတွက် ဆိုပြီး ပွဲတွေလုပ်ပေးနေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်အစိုးရအဖွဲ့ကို မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊လက်ရှိဝန်ကြီး ချုပ် အောင်ကြည်သိန်းက ဦးဆောင်ကာ ပြည်ခိုင်ဖြိုးပါတီနှင့် စစ်တပ်က စေလွှတ်လိုက်သူတို့က ဝန် ကြီးများအဖြစ် ဆက်လက်မောင်းနှင်မည်ဟု စိတ်ကူးယဉ်နေကြကြောင်း ပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

“တခြားပါတီတွေကနေ ဝန်ကြီးနေရာရလည်း ၁ယောက်၊၂ယောက်ပဲ။ကျန်တာက စစ်တပ်ခန့်နဲ့ ကိုယ့်လူ(ပြည်ခိုင်ဖြိုးပါတီဝင်)တွေချည်းပဲလို့ မော်လမြိုင်မှာ နည်းနည်းအရာရောက်တဲ့ ကြံ့ဖွတ်ပါတီ ဝင် အုပ်ကြီးတွေ ပြောနေကြတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း၁ကို ကျိုက်ထို၊ကျိုက်မရော၊ ချောင်းဆုံ၊မော်လ မြိုင်နှင့် သထုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ရက်၌ ပြုလုပ်သွားမည်ဖြစ်သည်။

“လာမယ့်ရွေးကောက်ပွဲအပိုင်း၂ နဲ့ အပိုင်း၃ အတွက် စစ်တပ်က တိုက်ရိုက်စေလွှတ်မယ့် အမတ် လောင်းတွေထဲမှာ ဘယ်သူတွေပါလာမလဲမသိဘူး။အငြိမ်းစားဗိုလ်ချုပ်တွေပါလာပြီး ဝန်ကြီးချုပ်ခန့် လိုက်ရင် အောင်ကြည် သိန်း ဂွမ်းပြီပဲ။ပြောရရင် အောင်ကြည်သိန်း ဝန်ကြီးချုပ် ဆက်ဖြစ်၊မဖြစ် မသေချာသေးပါဘူး”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူက ဆိုသည်။

စက်တင်ဘာလလယ်ပိုင်းတွင် အောင်ကြည်သိန်း ဝန်ကြီးချုပ်ဆက်ဖြစ်ရေးအတွက် လောင်းကစားဒိုင် အချို့က ယတြာချေခဲ့ကြကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ပါတီများနှင့် တစ်သီးပုဂ္ဂလများက တရားမဝင်ရွေးကောက်ပွဲဝင်ရန် အမတ်လောင်းစာရင်းတင်သွင်းထားကြပြီဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ၄ရက် အထိ စိစစ်လျက်ရှိသည်။
တရားမဝင်ရွေးကောက်ပွဲ အပိုင်း၂နှင့် ၃ ကို ၂၀၂၆ခုနှစ်၊ဇန်နဝါရီအပြီး ပြုလုပ်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားသည်။

စာတည်း-ML