စစ်ကော်မရှင်က NON CDM များကို ထောက်ပံ့ကြေးမကြာခဏ တိုးပေးနေသော်လည်း NUG က CDM များကို လုံလောက်သည့်အကူအညီထောက်ပံ့မှုများ မပေးနိုင်သေးကြောင်း CDM အသိုင်းအဝိုင်းထံမှ သိရှိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ကော်မရှင်ကအာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းလုံး၌ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် စစ်ဘက်ဆိုင်ရာဝန်ထမ်းအများအပြား CDM ပြုလုပ်ခဲ့ကြသော်လည်း၊ အဆိုပါ CDM ပြုလုပ်ကြသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ လက်ရှိအချိန်ထိ လုံလောက်သည့် ထောက်ပံ့ကူညီမှုများ ပေးအပ်နိုင်ခြင်း မရှိကြောင်း သိရသည်။
“အခက်အခဲတော့ အနည်းနဲ့အများဆိုသလို ရှိကြတာပဲဗျ၊ တော်လှန်ရေးမှာ စစ်ရေးက အဓိကဆိုတာကိုလည်း နားလည် ထားကြပေမယ့်လည်း အသိအမှတ်ပြုပြီး ထောက်ပံ့ပေးတာမျိုးလုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ထောက်ပံ့ကြေးကတော့ မနှစ်က ငါးသောင်းပဲ ရဖူးပါတယ်” ဟု ယောဒေသအတွင်းနေထိုင်သည့် CDM ကျောင်းဆရာတစ်ဦးက MPA သို့ ပြောသည်။
NON CDM ဝန်ထမ်းများအား လက်ရှိထောက်ပံ့နေသည့် အပိုထောက်ပံ့ကြေး ခြောက်သောင်းကျပ်အပြင် ထပ်မံ၍ အပိုထောက်ပံ့ကြေး သုံးသောင်းကျပ်ကို လစဥ်ခံစားခွင့်ပြုလိုက်ကြောင်း စစ်ကော်မရှင်၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။
“NUG ဆီက ထောက်ပံ့တာမျိုး မရဖူးဘူး။ ရွာမှာ ကျူရှင်ပြတာကလည်း ဘာမှလုပ်လို့မရဘူး၊ သုံးသိန်းပဲရတယ်။ အိမ်ပြန်ပေးရတာနဲ့ ကိုယ်သုံးဖို့နဲ့က မပြေဘူး။ အခု စစ်တပ်ဘက်က လခတိုးတာထက် ဝန်ထမ်းဖြစ်နေရင်တော့ စစ်မှုထမ်း၊ ပေါ်တာ၊ ခရီးသွားလာတာတွေက ကြောက်စရာမလိုဘူး။ NUG ကိုက ဘာမှမပြောချင်ပါဘူး” ဟု လုံခြုံရေးအရ နေရပ်နှင့် အမည်မဖော်လိုသည့် CDM ပြုလုပ်ထားသူ ကျောင်းဆရာတစ်ဦးက ဆိုသည်။
လက်ရှိတွင် ပြည်တွင်း၌ နေထိုင်လျက်ရှိနေသည့် CDM ပြုလုပ်ထားသူများအနေဖြင့် ခရီးသွားလာရာတွင် စိတ်လုံခြုံမှုမရှိခြင်း၊ PSMS စနစ်ဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရခြင်း၊ အထွေထွေကုန်ကျစရိတ်များပြားနေသော်လည်း ထောက်ပံ့ပေးမည့်သူ မရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရကြောင်း CDM ပြုလုပ်ထားသူအများစုက ဆိုသည်။
“မြို့ပေါ်ဆို မသွားရဲဘူး။ ကျမတို့က CDM လုပ်ထားတာဆိုတော့ ကိုယ့်ရွာထဲမှာဘဲ ဆေးဆိုင်လေးဖွင့်၊ အရပ်ထဲမှာနေ ပြီးတော့ တော်လှန်ရေးတပ်ပိုင်းဆိုင်ရာကိုလည်း ကူညီနိုင်သမျှကူညီပြီး နေရတယ်။ မြို့ပေါ်တက်ပြီးလည်း ဆေးမဝယ်ရဲဘူး။ ကိုယ်တိုင် လိုက်မရတော့ ကားအဆင့်ဆင့်နဲ့ ပစ္စည်းသယ်ရတာ” ဟု ပုလဲမြို့နယ်မှ CDM ပြုလုပ်ထားသည့် သားဖွားဆရာမတစ်ဦးက ဆိုသည်။
NUG ထံမှ CDM ထောက်ပံ့ကြေးငွေမရရှိသော်လည်း လက်ရှိနေထိုင်ရာ မြို့နယ်ရှိ လူမှုကူညီရေးအသင်းနှင့် ပရဟိတလုပ်ကိုင်နေသည့် လူငယ်အဖွဲ့အစည်းအချို့က CDM Supporting Group များ ဖွဲ့စည်းကာ ငွေကြေးထောက်ပံ့မှုအနည်းငယ် လုပ်ဆောင်ပေးကြောင်း မန္တလေးတိုင်းအတွင်း နေထိုင်သည့် CDM သူနာပြုဆရာမတစ်ဦးက ဆိုသည်။
“အာဏာသိမ်းပြီး မတ်လကတည်းက CDM လုပ်တာ၊ ကလေးတစ်ဖက်နဲ့လည်းဖြစ်တော့ အလုပ်က ရှာမရဘူး။ NUG ဆီကလည်း မရဘူး။ ကျမ အခု မုန့်ဟင်းခါးရောင်းနေတယ်။ ဒါကလည်း ကျမ လမ်းဘေးဆိုင်လေးပဲ ဖွင့်နိုင်တယ်။ CDM တွေအတွက်ဆိုပြီး လုပ်ပေးနေတဲ့ လူငယ်လေးတွေကနေ ကူညီကြပါတယ်။ တစ်လ ငါးသောင်းပေါ့၊ ကိုယ်တစ်ယောက်တည်းမဟုတ်တော့ အမြဲတမ်းမရပါဘူး” ဟု ၄င်းက ဆိုသည်။
CDM ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည့် ပဲခူးမြို့မှ အမျိုးသားတစ်ဦးက “ကျတော်တို့ဆို ၂၀၂၁နှစ်ကုန်ပိုင်းကနေ စပြီး CDM တွေကို ထောက်ပံ့ပေးတာ။ တစ်နှစ်လောက်တော့ လစဥ်ထောက်ပံ့နိုင်တယ်။ နောက်ပိုင်း ပြည်သူတွေဆီကနေ ပိုက်ဆံစုလို့ကမရတော့သလို Kpay တွေ အပိတ်ခံရ၊ ကျတော်တို့လည်း ခက်ခဲလာတော့ မထောက်ပံ့နိုင်ကြတော့ဘူး။ ကူညီနေကြ CDM တွေကိုတော့ စိတ်ပူရတယ်။ အခုထိပါပဲ” ဟု ဆိုသည်။
NUG အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့သည် အမှန်တကယ် အကူအညီလိုအပ်လျက်ရှိနေသည့် CDM ဝန်ထမ်းများ၏ အရေးပေါ်ကိစ္စရပ်များအတွက် ၂၀၂၁ ခုနှစ်၊ မတ်လမှစ၍ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ(၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း) CDM ဝန်ထမ်း (၁,၂၅၅) ဦးအတွက် မြန်မာကျပ်ငွေ သိန်းပေါင်း (၇၆၉) သိန်းကျော်ကို ကူညီပံ့ပိုးနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
CDM များအတွက် လုံလောက်သည့် ထောက်ပံ့အကူအညီများ ပေးအပ်နိုင်ခြင်းမရှိသည့်အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြင့်ကို အွန်လိုင်းမှတဆင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိပေ။
CDM များအနေဖြင့် CDM ပြုလုပ်ခဲ့သည့်အချိန်မှစ၍ အလုပ်အကိုင်အတည်တကျမရှိခြင်း၊ လုံလောက်သည့် ကူညီထောက်ပံ့မှု မရရှိခြင်းတို့ကြောင့် စားဝတ်နေရေးအကျပ်အတည်းများ ကြုံတွေ့နေရပြီး အဘက်ဘက်မှ အဆင်မပြေမှုများစွာကို ခံစားနေကြရသည်။
စာတည်း-ကိုဆန်း
