စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ရွာထဲ စစ်ကြောင်းဝင်ပြီး သေနတ်နှင့်ပစ်ခတ်မှုကြောင့် မပြေးနိုင်သည့် အဘွားတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးတို့ ကျည်ထိမှန်သေ ဆုံးခဲ့ကြောင်းသိရသည်။
မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းမှဝက်လက်မြို့နယ်တောင်ခြမ်းသို့ စက်လှေဖြင့် ဝင်ရောက်လာသည့် အင်အား ၁၀၀ကျော်ပါစစ်ကြောင်းသည် တပ်သာရွာ၌ ၁၅ရက်ကြာ အထိုင်ချတပ်စွဲထားပြီး ယနေ့ (အောက်တိုဘာ ၂ရက်) နံနက် ၉နာရီ ၄၂မိနစ်ခန့်တွင် တမာကန်ရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ရာ အသက် ၈၀ခန့်အရွယ် အဘွား တစ်ဦးနှင့် အသက် ၂၇ခန့်အရွယ် မသန်စွမ်း အမျိုးသား တစ်ဦးတို့ ကျည်သင့်သေဆုံးခဲ့ကာ အသက် ၅၀ကျော်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network ကသတင်းထုတ်ပြန်သည်။
” တမာကန်ရွာကို မဝင်ခင်က တပ်သာရွာကို ထိုးနေပြီးတော့ တပ်သာရွာကို ၁၅ရက်ဝန်းကျင်လောက် ထိုင်နေပြီးတော့မှ ဒီနေ့မှ တမာကန်ရွာထဲကို ထိုးတယ်ဗျ။ ထိုးတဲ့အခါမှာ လက်နက်ငယ်ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၈၀အရွယ်အဘွားတစ်ဦးရယ်၊ မွေးရာပါမသန်စွမ်း အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦးရယ်၊ အသက် ၅၀၊ ၆၀အရွယ်အမျိုးသားတစ်ဦး။ အဲ့အမျိုးသားက လက်မှန်၊ မသန်စွမ်းကကျ ခေါင်းမှန်တာ။ အဘွားကကျ ဗိုက်မှန်တာပါဗျ” ဟု Wetlet Informational Network အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
သေနတ်ဒဏ်ရာရသည့် အမျိုးသားမှာ ထွက်ပြေးလွတ်မြောက်လာပြီး ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။
တပ်သာရွာကို စစ်ကြောင်းအထိုင်ချတပ်စွဲထားစဉ်ကတည်းက တမာကန်ရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေသော်လည်း ရွာထဲဝင်လိုက်၊ ထွက်လိုက်လုပ်နေသဖြင့် စစ်ကြောင်းဝင်ရောက်ချိန်၌ ထွက်ပြေးရန် မမီလိုက်ကြောင်း သိရသည်။
” တောင်သူတွေဖြစ်တဲ့အခါကျတော့ နွားတွေကို ရွာထဲမှာ ထားတယ်။ အိမ်ထဲကို အသုံးအ ဆောင် ပစ္စည်းတွေထားတဲ့အခါဆိုတော့ အိမ်ထဲကို ဝင်လိုက်၊ ထွက်လိုက်ချိန်မှာ စစ်ကြောင်းဝင်ချလာတာ။ ဒီမသန်စွမ်းတဲ့လူတွေရယ်၊ သက်ကြီးရွယ်အိုတွေက ပြေးချိန်မရှိတာပေါ့နော်။ အဓိကကတော့ မပြေးနိုင်တာပေါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် တမာကန်ရွာမှ ပြည်သူများကို ဖမ်းဆီးထားသော်လည်း အရေအတွက်အား အတည်မပြုနိုင်သေးကြောင်းသိရသည်။
ယင်စစ်ကြောင်းကြောင့် တပ်သာရွာ၊ တမာကန်ရွာနှင့် မင်းကုန်းလေးကျေးရွာတို့မှ ဒေသခံပြည် သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
စာတည်း-ML
