အောင်လအန်ဆန်၏ MMA ဖိုက်တာဘဝနောက်ဆုံးပွဲ အောက်တိုဘာ ၄ရက် နံနက်ပိုင်းတွင် ထိုးသတ်မည်

ကချင်လူမျိုး MMA ဖိုက်တာ အောင်လဆန်ဆန်သည် သူ၏ ဖိုက်တာဘဝနောက်ဆုံးပွဲကို ၂၀၂၅ အောက်တိုဘာ ၄ရက် နံနက်ပိုင်းတွင် ထိုးသတ်မည်ဖြစ်သည်။

အောင်လ နှင့် ဆွီဒင်ဖိုက်တာ ဇီဘာတီရန်ကိတ်စတမ်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစား ရုံ တွင် ကျင်းပမည် ONE Fight Night 36 ပြိုင်ပွဲ၌ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ဖိုက်တာဘဝနောက်ဆုံး MMA ပွဲတွင် အကောင်းဆုံးရလာဒ်ရအောင် ကြိုးစားမည်ဟု အောင်လက သူ၏ ပရိတ်သတ်များကို အသိပေးထားသည်။

“ မြန်မာပြည်က ပရိတ်သတ်ကြီးလည်း အားပေးဖို့ အဆင်သင့်ပဲလို့မျှော်လင့်ပါတယ်။ ပွဲတစ်ပွဲမှာ ဘာမဆိုဖြစ်နိုင် တယ်ဆိုပေမယ့် အကောင်းဆုံးရလာဒ်ရအောင်ကြိုးစားမယ်ဗျာ။ ကတိပေးတယ်”ဟု အောက်တိုဘာ ၂ရက် မွန်း လွဲပိုင်းတွင် အောင်လက ဖေ့ဘွတ်ခ်၌ ရေးတင်ထားသည်။

မြန်မာပရိတ်သတ် အချစ်တော် အောင်လအန်ဆန်သည် ၂၀၁၇ မေ ၂၆ရက် မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်လု ပွဲတွင် ဗစ်တလီဘစ်ဒတ်ရှ်ကို အနိုင်ယူ၍ One Championship၏ ပထမဦးဆုံး မြန်မာကိုယ်စားပြုချန်ပီယံဖြစ် ခဲ့သည်။

ထို့အပြင် ၂၀၁၈ ဇွန် ၂၉ရက်တွင် လိုက်ဟဲဗီးဝိတ်တန်း၌ အလက်ဇန္ဒားမာချာဒိုကို အနိုင်ယူ၍ ချန်ပီယံထပ်ဖြစ်ခဲ့ သည်။ အောင်လသည် One Championship တွင် ခါးပတ်နှစ်ခု တပြိုင်နက်ထဲ သိမ်းပိုက်နိုင်ခဲ့သော မြန်မာကိုယ် စားပြု ကချင်လူမျိုး ဖိုက်တာဖြစ်ခဲ့သည်။

အောင်လသည် ၂၀၂၀ အောက်တိုဘာနှင့် ၂၀၂၁ မေ တွင် ရိုင်နီယာ ဒီရိုတ်တာကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံခါးပတ် များ လက်လွတ်ဆုံးရှုံးခဲ့ရသည်။

MMA ဖိုက်တာ အောင်လအန်ဆန် ၄၀နှစ်သည် MMA အားကစား တလျှောက်ပွဲ ပေါင်း ၄၅ ပွဲ ထိုးသတ်ခဲ့ပြီး ပွဲ ၃၀ အနိုင်ရ၍ ၁၅ပွဲ ရှုံးနိမ့်ထားသည်။