တောင်ငူတွင် ရေကြီး၊ ယာယီစခန်း မလုံလောက်

ဓာတ်ပုံ - Badan Sai (S.T.T Rescue Taungoo)
ပုံစာ - တောင်ငူ ရပ်ကွက်အချို့တွင် စစ်တောင်းမြစ်ရေတိုးသဖြင့် ရေတက်နေပုံ။ဓာတ်ပုံ - Badan Sai (S.T.T Rescue Taungoo)

ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေတိုးလာသဖြင့် ပြည်သူများ ရေလွတ်ရာနေရာ များသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

နေပြည်တော်အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် စစ်တောင်းမြစ်ရေ ပိုမိုတိုးလာကာ အောက်တိုဘာ ၂ ရက် နံနက်မှစတင်၍ တောင်ငူမြို့၊ ၈ ရပ်ကွက် ၊ ၉ ရပ်ကွက် ၊ ၁၀ ရပ်ကွက်တို့အပြင် မြစ်ကမ်းဘေး အနိမ့်ပိုင်းဖြစ်သည့် ကမ်းနီရွာမှ အိမ်ထောင်စု ၃၀၀ ခန့်ကို ရေလွတ်ရာနေရာသို့ပြောင်းရွှေ့ပေးခဲ့ရပြီး နေရာ‌လုံလောက်မှုမရှိသေးကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ထံက သိရသည်။

“ရေဘေးရှောင်စခန်း တစ်ခုပဲဖွင့်ထားတယ်ခင်ဗျ။TTC ကျောင်း အဲ့မှာဖွင့်ထားတာ။TTC ကျောင်း ဟောင်းက ၇ ရပ်ကွက်မှာ။အခု‌တောင် နေရာ‌တွေမလောက်လို့ တိုင်ပတ်နေတယ်။အခု စားရေး သောက်ရေး ဘယ်လိုမှမစီမံရသေးဘူး လက်ရှိတော့”ဟု လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ယနေ့(အောက်တိုဘာ၃ရက်)နံနက်ပိုင်းတွင်MPA သို့ပြောသည်။

ရေတက်သည့်နေရာများတွင် နေထိုင်ကြသည့် ပြည်သူအချို့‌မှာ ကိုယ့်အစီအစဉ်နှင့်ကိုယ် ရွှေ့ပြောင်းနေရသည်များလည်း ရှိကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“ရွှေဆံတော်ဘုရား ဇာတ်ရုံတို့ ဘုန်းကြီးကျောင်းတို့မှာ သွားနေကြတယ်လေ။နီးစပ်ရာ ဘုန်းကြီး ကျောင်းတွေပေါ့။ တချို့ကျတော့ ကိုယ့်အစီအစဥ်နဲ့ ၊တချို့ကျတော့လည်း ပရဟိတ အကူအညီ ပေါ့။ကယ်ဆယ်ရေးစခန်းဖွင့်ထားရင် ဝါးတီး(စား‌ရေးသောက်ရေး)ကိစ္စ အကူအညီရတယ်။ အခုဟာက ကိုယ်အစီအစဥ်နဲ့ကိုယ် အလှုရှင်လည်း ရှိကောင်းရှိမှာပေါ့၊ တစ်ခါတစ်ရံပေါ့”ဟု ရေဘေးသင့် ဒေသခံတစ်ဦးက ပြောသည်။

သဖန်းပင် ၊ ပြသောင်နှင့် ဇီးဖြူပင်ရွာတို့တွင်လည်း စစ်တောင်းမြစ်ရေတက်နေသဖြင့် သောက်သုံးရေ အခက်အခဲဖြစ်နေသော်လည်း ရေလွတ်ရာသို့ ရွှေ့ပြောင်းရန်မလိုသေးကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ ၃ရက်) နံနက် ၆ နာရီခွဲခန့်တွင် တိုင်းတာချက်အရ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် စိုး‌ရိမ်ရေမှတ်၆၀၀အထက် ၆၄၃ စင်တီမီတာ၌ ရှိနေပြီး နောက်တစ်ရက်အတွင်း ၂ လက်မခန့်ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း-ML