ဝန်ကြီးချုပ်သတ်ဖြတ်ခံရပြီးနောက် ဟူသီသူပုန်များက ယီမင်ရှိ ကုလသမဂ္ဂ အဆောက်အအုံများကို ဝင်ရောက်စီးနင်း

ဓာတ်ပုံ-- Reuters
ပုံစာ-- ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အစ္စရေးတို့၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဟူသီဝန်ကြီးချုပ် အာမက်အယ်ရာဟာဝီ

အစ္စရေးစစ်တပ်က ဟူသီသူပုန်များ၏ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများကို သတ်ဖြတ်ပြီး နောက် တစ်ရက်တွင် ဟူသီတပ်ဖွဲ့များက ယီမင်မြို့တော် ဆာနာ၌ ကုလသမဂ္ဂအဖွဲ့အစည်း နှစ်ခု၏ ရုံးများကို ဩဂုတ် ၃၁ ရက်တွင် ဝင်ရောက်စီးနင်းခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်များသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) တို့၏ ရုံးများသို့ ဝင်ရောက်ပြီး ဝန်ထမ်းများကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ယီမင်ဆိုင်ရာ အထူးသံတမန် ဟန့်စ်ဂရန်းဘာဂျ်က ကုလသမဂ္ဂဝန်ထမ်း ၁၁ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း နောက်ပိုင်းတွင် အတည်ပြုခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ကုလသမဂ္ဂဝင်းများသို့ အတင်းအဓမ္မ ဝင်ရောက်မှုကို ၎င်းအနေဖြင့် “ပြင်းပြင်းထန်ထန်” ရှုတ်ချကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်း ဟူသီများ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး သူပုန်အဖွဲ့က ဖမ်းဆီးထားသူများကို “ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်” တောင်းဆိုခဲ့သည်။

၂၀၂၁ ခုနှစ်မှစ၍ ကုလသမဂ္ဂအတွက် လုပ်ဆောင်နေသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် သံတမန်အဖွဲ့များအတွက် လုပ်ဆောင်နေသူများကို ယီမင်တွင် ထင်သလို ဖမ်းဆီးထိန်းသိမ်းမှုများ ရှိနေကြောင်း ဂူတာရက်စ်က ထောက်ပြခဲ့သည်။

“ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်များ၏ ဝန်ထမ်းများသည် ကုလသမဂ္ဂအတွက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေချိန်တွင် ပစ်မှတ်ထားခြင်း၊ ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းမျိုး ဘယ်တော့မှ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

“ထင်သလို ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူပုဂ္ဂိုလ်အားလုံးကို ဘေးကင်းလုံခြုံစွာ ချက်ချင်းပြန်လွှတ်ပေးနိုင်ဖို့ ကုလသမဂ္ဂက မမောမပန်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟုလည်း ၎င်းကဆိုသည်။

ဝင်ရောက်စီးနင်းမှုများသည် အစ္စရေး၏ တိုက်ခိုက်မှုများနှင့် ဆက်စပ်မှုရှိ၊ မရှိ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဟူသီများသည် ယခင်ကလည်း ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများကို ပစ်မှတ်ထားခဲ့ဖူးသည်။

ကုလသမဂ္ဂကျောထောက်နောက်ခံပြု ယီမင်အစိုးရအဖွဲ့၏ ပြန်ကြားရေးဝန်ကြီး မိုအာမာ အယ်လ်အရီယန်နီက ဟူသီတို့၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြောင်း ယီမင်အစိုးရသတင်းအေဂျင်စီ SABA NEWS က ဖော်ပြခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုက ဟူသီသူပုန်များ၏ ဝန်ကြီးချုပ် အာမက်အယ်ရာဟာဝီကို သတ်ဖြတ်ခဲ့သည့် တိုက်ခိုက်မှုများသည် စစ်ဆင်ရေး၏ “အစသာဖြစ်သည်” ဟု ပြောကြားသည်။

ရာဟာဝီသည် အခြားသော ဟူသီအရာရှိများနှင့်အတူ ကြာသပတေးနေ့က ဆာနာအပေါ် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ဟူသီ၏ နိုင်ငံရေးအမြင့်ဆုံးကောင်စီ အကြီးအကဲက အတည်ပြုခဲ့ပြီး တိုက်ခိုက်မှုအတွက် လက်စားချေမည်ဟု ကတိပြုခဲ့သည်။

အစ္စရေး၏ ဂါဇာအပေါ် ထိုးစစ်ဆင်မှုကို လက်စားချေခြင်းဖြစ်သည်ဟုဆိုကာ ဟူသီသူပုန်အဖွဲ့က အစ္စရေးသို့ ဒုံးကျည်များ ပုံမှန်ပစ်လွှတ်လျက်ရှိပြီး ပင်လယ်နီရှိ သင်္ဘောများကိုလည်း တိုက်ခိုက်နေသည်။

ဟူသီများသည် “အစ္စရေးနိုင်ငံအပေါ် ၎င်းတို့၏ ရန်လိုမှုအတွက် အလွန်မြင့်မားသော တန်ဖိုးကို ပေးဆပ်ရလိမ့်မည်” ဟု နေတန်ယာဟုက ပြောကြားထားသည်။

ဟူသီသူပုန်များသည် ၂၀၁၄ ခုနှစ်ကတည်းက ဆာနာမြို့နှင့် မြောက်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားသည်။