စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ စစ်အာဏာရှင်အဆက်ဆက် အောင်မြေနင်းခဲ့သည့် နေရာရှိ ဘုန်းကြီး ကျောင်းထဲသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ခဲ့ရာ ကိုရင်၄ပါး ပျံလွန်တော်မူသွား ကြောင်း သိရသည်။
အောက်တိုဘာ ၂ရက်၊ နံနက် ၉နာရီခန့်တွင် ရွှေဘိုမြို့၊ ထောက်ပို့တပ် ၂ မှ လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ရွှေဘိုမြို့ သမိုင်းဝင် အောင်မြေချမ်းမြေ့ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင် ၇ပါး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပကဖထံက သိရသည်။
” ဦးအောင်ဇေယျခေတ် ကတည်းကအောင်မြေပဲ။ ကုန်းဘောင်ခေတ်ကတည်းက ရှိတဲ့အောင်မြေ။ ဦးအောင်ဇေယျစစ်တိုက်တိုင်း နင်းတဲ့အောင်မြေ။ မင်းအောင်လှိုင်တို့ အရင်ခေတ်အဆက်ဆက်က လာနင်းတဲ့အောင်မြေ။ ခင်ညွန့်တို့ ဘာတို့ပေါ့ဗျာ” ဟု ရွှေဘိုမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၁၄နှစ်အရွယ်များဖြစ်ကြသည့် ရှင်ညဏိက၊ ရှင်ဝိမလ၊ ရှင်ဥတ္တမနှင့် သက်တော် ၁၂နှစ်အရွယ် ရှင်မေဓာနန္ဒတို့ ပျံလွန်တော်မူခဲ့ကြောင်းသိရသည်။
“အောင်မြေဆိုတာကြီးက ဘုရားဝင်းကြီး။ဘုရားဝင်းကြီးထဲမှာမှ အောင်မြေဆိုတဲ့နေရာလေးရှိတယ်။ အဲ အောင်မြေဆိုတဲ့ နေရာလေးထဲမှာ အောင်မြေနင်းရတာပါဗျ။ဘုန်းကြီးကျောင်းတွေလည်းရှိတယ်။ ဆွမ်းကပ်တာတွေလည်း ရှိတယ်။ရိပ်သာလည်း ရှိတယ်။အဲလိုပါဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
အောင်မြေနင်းသည့် ဘုရားဝင်းထဲသို့ လက်နက်ကြီးကျပြီး ကိုရင်များ ပျံလွန်သော်လည်း စစ်တပ်ဘက်က လာရောက်ကြည့်ရှုခြင်းမျိုး မရှိဘဲ တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခြင်းဟု ဝါဒဖြန့်နေကြောင်း သိရသည်။
” လာပြီးကြည့်တယ်။ ကူညီစောင့်ရှောက်တယ်လို့ မကြားဘူးဗျ။ ဘုန်းကြီးတွေကို စစ်တပ်ဘက်က လာပြီးတော့ သတင်းလှမ်းမေးတာမျိုး၊ လာပြီးတော့ ဟိုဟာလုပ်တာမျိုးမရှိဘူး။ သူတို့ဘက်ကတောင် ပြန်ပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်တယ်ဆိုတာမျိုး သတင်းတွေ ထုတ်သေးတာကို” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရွှေဘိုမြို့၊ ထူထောင်ရေးရပ်ကွက်၊ ရွှေဘုံသာဘုရားအနီးသို့ လက်နက်ကြီး တစ်လုံးနှင့် ၃ရပ်ကွက်ရှိTWS ကိုယ်ပိုင်ကျောင်းရှေ့သို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။
ပျံလွန်တော်မူသည့် ကိုရင်၄ပါးအနက် ဆိပ်ခွန်ဘက်မှာ လာသတင်းသုံးသည့် ရှင်မေဓာနန္ဒ ကို အောက်တိုဘာ၂ရက်က သင်္ဂြိုဟ်ခဲ့ပြီး ကျန်၃ပါးအား ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် ဥသျှစ်ကန်သုဿန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။
စာတည်း-ML
