ရေစကြိုမြို့ပေါ်တွင် စစ်တပ် ရမ်းပစ်သဖြင့် သေဆုံးသွားသော အပြစ်မဲ့ပြည်သူ၏ နာရေး ယနေ့ ပြုလုပ်

ဓာတ်ပုံ - စာပန်းအိမ် ရေစကြို Facebook
ပုံစာ - ရေစကြိုမြို့တွင်း တစ်နေရာ။

မကွေးတိုင်း ၊ ရေစကြိုမြို့ပေါ်တွင် စစ်တပ်၏ သေနတ်နှင့် ရမ်းသန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူတစ်ဦး၏ နာရေးကို ယနေ့ ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၁ ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံမှ ကားတစ်စီးနှင့် ကင်းပတ်ထွက်လာသည့် စစ်သားများသည် ပြည်သူ ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား အမှတ် ၈ ၊ အောင်မင်္ဂလာရပ်ကွက်အနီး လိုက်လံပစ်ခတ်ခဲ့ရာ လမ်းဘေး၌ ဆိုင်ကယ်စီးရန် ပြင်နေသည့် အမှတ် ၁ ၊ ထင်းတန်းရပ်ကွက်နေ ကိုဖြိုး(၃၂နှစ်)အား ကျည်ထိမှန်ကာ သေဆုံးခဲ့ရပြီး ယနေ့ (အောက်တိုဘာ ၃ရက်)၌ သင်္ဂြိုဟ်ခဲ့ကြောင်း Yesagyo Township Info Committee ထံက သိရသည်။

“မိသားစုတွေက ဆေးရုံရင်ခွဲရုံကနေ အလောင်းထုတ်ပြီး သယ်သွားတာ ဒီနေ့ (အောက်တိုဘာ ၃ ရက်)မနက်မှ။သူ့မိန်းမရွာ ရေစကြိုမြို့တောင်ဘက်က ရွှေချောင်းရွာမှာ ဒီနေ့သင်္ဂြိုဟ်မှာ”ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ကိုဖြိုး၏ ရုပ်အလောင်းကို စစ်တပ်က သယ်သွားခဲ့သဖြင့် မိသားစုက သွားရောက်ထုတ်ယူရာ ဆိုင်ကယ် ၃ ယောက်ပူး စီး၍ စစ်တပ်ဘက်က ပစ်ခတ်ရခြင်းဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းခဲ့ပြီး ယနေ့(အောက်တိုဘာ ၃ ရက်) နံနက်မှ ဆေးရုံ ရင်ခွဲရုံမှ အလောင်း ထုတ်ပေးခြင်းဖြစ်သည်။

ကိုဖြိုးသည် အမှတ် ၈ ၊ အောင်မင်္ဂလာရပ်ကွက်အနီးမှ နေအိမ်သို့အပြန် ဆိုင်ကယ်စီးရန် ပြင်နေစဉ် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် ဇနီးနှင့် သားသမီး ၂ ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်သမားလွတ်မြောက်သွားတယ်။ မဆိုင်တဲ့သူမှန်တာ။ ဆိုင်ကယ်သမားကလည်း ခရီးသည်ပြည်သူတွေ။ သိရဲ့သားနဲ့ တမင်ယုတ်မာပြီး လိုက်ပစ်တာ”ဟု ၎င်းကပြောသည်။

ဩဂုတ် ၂၆ ရက် ကလည်း အမှတ် ၇ ၊ နှစ်‌ထောင်ပြည့်ရပ်ကွက်၊ တိလောက ဘုန်းကြီးကျောင်းအနီး ကင်းပတ်နေသည့် စစ်တပ်က ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ် စီးနင်းသွားသည့် ပြည်သူတစ်ဦးအား လိုက်လံ ပစ်ခတ်ရာ တိလောက ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ နေအိမ်မှ အဝတ်လှန်းနေသည့် အသက် ၃၉ နှစ်အရွယ် ကိုဇော်ဝင်းအား ကျည်ထိမှန်ကာ သေဆုံးခဲ့သေးသည်။

ရေစကြိုမြို့အခြေစိုက်စစ်တပ်သည် PDFတို့ ဆိုင်ကယ်စီးပြီး တိုက်ခိုက်မည်ကို ကြောက်သဖြင့် ဆိုင်ကယ်တစ်စီးပေါ် ၂ယောက်မစီးရဟု အမိန့်ထုတ်ထားသည်မှာ နှစ်ချီကြာပြီဖြစ်ပြီး ၂ယောက်စီး လာသောဆိုင်ကယ်များ တွေ့ပါကလည်း လိုက်လံပစ်ခတ်လေ့ရှိသည်။

ရေစကြိုမြို့ပေါ်တွင် စစ်တပ်သည် ရုံးပေါင်းစုံ ၊ ရဲစခန်း ၊ဆေးရုံ ၊ စည်ပင်ပန်းခြံ ၊ ကန္နားလမ်း စစ်မှုထမ်းဟောင်းရုံးနှင့် ကပ်ကျော်ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားသည်။

စာတည်း-ML