စစ်တပ် လက်နက်ကြီးကြောင့် ကိုရင်များ ပျံလွန်ခြင်းကို PDF ကြောင့် ဟု လိမ်လည်သတင်းအမှားဖြန့်

PDF များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင် သုံးပါး ပျံလွန်တော်မူခဲ့ဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“24 Hours News ” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂ ရက် ည ၉ နာရီ ၄၆ မိနစ်တွင် ရွှေဘိုမြို့၊ အမှတ်( ၇ )ရပ်ကွက်ရှိ အောင်မြေဘုန်းကြေီးကျောင်းကို PDF များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း၊ ပစ်ခတ်မှုကြောင့် ကိုရင် သုံးပါး ဗုံးစထိမှန်ပြီး ပျံလွန်တော်မူခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ရှစ်ပါး ခန့် ရှိကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာကို “ဟန်ငြိမ်းဦး, Ko Thet, မှိုင်းဝေ” အပြင် အခြား စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုများနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/rIV7h
ဟန်ငြိမ်းဦး – https://archive.ph/q7tYz
Ko Thet – https://archive.ph/2d5vy
မှိုင်းဝေ – https://archive.ph/dvyJ6

စစ်ကော်မရှင်အားပေးထောက်ခံသော “Eleven Media Group” ကလည်း အဆိုပါ လက်နက်ကြီးထိမှန်မှု ကို PDF များက ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://archive.ph/y3kFe

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ရွှေဘို ကိုရင်များ လက်နက်ကြီးထိ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, People’s Spring, Shwe Phee Myay” သတင်းဌာနတို့က သတင်းဖော်ပြထားသည်။

Myanmar Now တွင် အောက်တိုဘာ ၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် တစ်မိုင်ခန့်အကွာ တဂဏန်းကျေးရွာ အနီးတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ် ရွှေဘိုမြို့ အမှတ် ၂ ထောက်ပို့တပ်ကနေ လက်နက်ကြီးပစ်ခတ်လိုက်ရာ တဂဏန်းရွာရှိ အောင်မြေဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကြောင့် ကျောင်းရှိ ကိုရင်သုံးပါး ပျံလွန်တော်မူခဲ့ပြီး ခုနှစ်ပါး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/a1A6

“People’s Spring” တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းတွင် ရွှေဘို စစ်ကော်မရှင် ကညနရုံး နှင့် ထောက်ပို့တပ်(၂)ထဲကနေ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကိုရင်လေးပါး ပျံလွန်တော်မူပြီး ၁၁ ပါး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပျံလွန်တော်မူသွားသည့် ကိုရင်များမှာ သက်တော် ၁၃ နှစ် နှင့် ၁၄ နှစ်အရွယ် သာသနာ့မျိုးဆက်များဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/qLRoe

“Shwe Phee Myay” တွင် အောက်တိုဘာ ၂ ရက်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုရင်လေးပါး ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီး ၇ ပါး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ ရွှေဘိုမြို့ တောင်ဘက်အထွက်တွင် စစ်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ် ပွားချိန် စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက် ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/8ZD7

သုံးသပ်ချက်

လွတ်လပ်သည့် သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အောင်မြေဘုန်းကြီးကျောင်းတွင် စစ်တပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကိုရင်လေးပါး ပျံလွန်တော်မူသွားကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များနှင့် Eleven Media တွင် ဖော်ပြထားသော အကြောင်းအရာသည် သတင်းဖြစ်စဉ်အမှန်ကို လိမ်လည်ပုံဖျက်ထားသော သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် အောက်တိုဘာ ၃ ရက် ညနေပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။